နေပြည်တော် ဇူလိုင် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံ သုတေသန စိုက်ကွင်း၌ ကျင်းပသည့် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြသော မြေပဲမျိုး ရွေးချယ်ပွဲသို့ တက်ရောက်အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်သူဦးကြီးများနှင့် တွေ့ဆုံပြီး တောင်သူကြီးများ၏ တစ်နှစ်တာအတွင်း သီးနှံစိုက်ပျိုးမှုပုံစံများ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ပုံစံများနှင့် အဓိကထားစိုက်ပျိုးသည့် ဆီထွက်သီးနှံများ၊ မြေပဲသီးနှံစိုက်ပျိုးမှုနှင့် သုံးစွဲလျက်ရှိသည့် မျိုးကွဲများ၊ စိုက်နည်းစနစ်၊ ဆီစားသုံးမှုပုံစံများကို မေးမြန်းဆွေးနွေးကာ အခြားသော အလားအလာကောင်း ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများ၊ လုပ်ကွက်ငယ် လယ်သမားများအနေဖြင့် ဈေးပိုရသော မျိုးမြေပဲထုတ်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ ဆောင်ရွက်ရန်လုပ်ငန်းများကို စက်စွမ်းအားပြည့် အသုံးပြုနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံဌာနစု တာဝန်ခံ ဒေါက်တာခင်မျိုးဝင်းက မြေပဲမျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ပြသထားသည့် မျိုးများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်ရှိသူများက မြေပဲမျိုးတစ်မျိုးချင်း၏ အရည်အချင်း လက္ခဏာများကို လည်းကောင်း ရှင်းလင်းပြသကြပြီး ပုဗ္ဗသီရိမြို့နယ် သာယာကုန်းကျေးရွာ မြေပဲစိုက်တောင်သူတစ်ဦးက ရေဆင်း-၁၁ မျိုးနှင့် ရေဆင်း-၁၆ မျိုးနှစ်မျိုး၏ စိုက်ပျိုးခဲ့မှု အတွေ့အကြုံအပေါ် နှိုင်းယှဉ်သုံးသပ်ချက်အရ ရေဆင်း -၁၆ မျိုး စိုက်ခင်းမှ တစ်ဧက တင်း ၂၀ ဝန်းကျင်ခန့် ပိုမိုထွက်ရှိကြောင်းနှင့် ရောဂါဒဏ် ရေငတ်ဒဏ် ပိုမိုခံနိုင်ရည်ရှိကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စုနှင့် ပုဗ္ပသီရိမြို့နယ် သာယာကုန်း ကျေးရွာတို့မှ တောင်သူများသည် မျိုးရွေးချယ်ပွဲတွင် ရွေးချယ်ရမည့် အထွက်နှုန်း မြင့်မားသော မျိုးသစ်များဖြစ်သည့် ဆင်းပဒေသာ -၁၁၊ ဆင်းပဒေသာ -၁၄၊ ဆင်းပဒေသာ-၁၅၊ ဆင်းပဒေသာ-၁၆၊ မကွေး-၁၆၊ YZG-12008၊ တွန်တာနီ (မကွေး)၊ စွန်တာနီ (လယ်ဝေး)၊ ဗီယက်နမ် (မကွေး)၊ ဗီယက်နမ် (လယ်ဝေး)၊ SP-121၊ SPR (လယ်ဝေး) စသည့် မျိုးများထဲမှ မိမိတို့ ကြိုက်နှစ်သက်သည့် မျိုးများကို တောင်သူတစ်ဦးချင်းဆီက မဲပေးရွေးချယ်ခဲ့ကြရာ ဆင်းပဒေသာ ( ၁၁ ) မျိုးကို တောင်သူအများဆုံး အကြိုက်နှစ်သက်ဆုံးမျိုး အဖြစ်ရွေးချယ်ခဲ့ကြပြီး ဒုတိယ အကြိုက်နှစ်သက်ဆုံးမျိုးအဖြစ် ဆင်းပဒေသာ-၁၆ နှင့် YZG .12008 (ဆင်း ပဒေသာ-၁၇) မျိုးများကို ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


