နေပြည်တော်၊ ၂၇ ဇန်နဝါရီ 

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၇)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးရန်လင်း၊ အငြိမ်းစားသုတေသန ပညာရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသီများ တက်ရောက်ကြပြီး ဒေသဆိုင်ရာသုတေသန ဗဟိုခြံများ၊ သုတေသနခြံများမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များက  Zoom Application အသုံးပြု တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်တလျောက် ဆောင်ရွက်ရမှုကို လူအများ သိရှိမြင်တွေ့နိုင်မည် မဟုတ်သော်လည်း အောင်မြင်သော သုတေသန၏ အကျိုးရလဒ်ကိုမူ အများပြည်သူတို့ စားသုံးခံစားနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနရလဒ်ကောင်းတစ်ခုသည် အများအတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သဖြင့် မိမိ၏ တတ်ကျွမ်းသည့် ပညာ၊ စေတနာ၊ အနစ်နာဖြင့် နိုင်ငံတော်၏ အကျိုးတို့ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍  သုတေသနလုပ်ငန်းများအား အရှိန်အဟုန်နှင့် တိုးတက်လာစေရန် နိုင်ငံတော်မှ ရန်ပုံငွေတိုးမြှင့် ရရှိနိုင်ရေးသာမက ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်းပြောကြားသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သုတေသနပညာရှင်များ၊ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ရေမြေရာသီအလိုက် သင့်တော်ကောင်းမွန်သည့် သီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ သီးနှံစိုက်ပျိုးနည်းစနစ်နှင့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးသုံးစွဲခြင်း ဆိုင်ရာသုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများ သုံးစွဲနေသည့် စိုက်နည်းစနစ်များ၊ ပိုးသတ်ဆေး၊ မြေသြဇာစသည်တို့ကို သုံးစွဲပုံနည်းစနစ်များ၊ မြေဆီလွှာ အကဲဖြတ်ခြင်း၊ ယူရီးယားနှင့် ဘိုရွှန်ရွက်ဖျန်း မြေသြဇာသုံးစွဲခြင်းနှင့် မြေဆီဓာတ်ခွဲမှု အခြေခံသော မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ စိုက်ပျိုးရေ၏ အရည်အသွေး စစ်ဆေးခြင်း၊ အပင်တစ်သျှူးမွေးမြူခြင်းဖြင့် ငှက်ပျော၊ ကြံ၊ သစ်ခွ မျိုးတို့ကို မျိုးသန့်ပွားများနည်း ဖော်ထုတ်ခြင်း၊ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် ဖော်ထုတ်ခြင်း၊ သီးနှံအထွက်ကောင်း မျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ ဒေသအလိုက်သင့်တော်သည့် စပ်မျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေမည့် သီးနှံအလိုက်၊ ဒေသအလိုက်အကျိုးအမြတ်အများဆုံး ရရှိမည့် စိုက်ပျိုးနည်း စနစ်များဖော်ထုတ်ခြင်းများအပြင်  အစားအစာဆိုင်ရာ သုတေသန၊ လယ်ယာစီးပွားဆိုင်ရာသုတေသန၊ စပါးဇီဝဥယျာဉ်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး သုတေသနပညာရှင်များ၏ စာတမ်းဖတ်ကြားတင်ပြမှုကို အားပေးချီးမြှင့်သည်။

 

နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း (၃၈)စောင်အား ဖတ်ကြားကြမည်ဖြစ်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ နိုင်ငံခြားပညာတောင်သင်များ သုတေသနပညာရှင်များ၊ အငြိမ်းစားသုတေသန ပညာရှင်များ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသီများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ခြံများမှ သုတေသီများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်