နေပြည်တော် ဇန်နဝါရီ ၂၇

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတည်ထောင်ခြင်း (၂၁) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းရှိ အဆိုပါဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား သုတေသနပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များရှိ ဒေသသုတေသနခြံများမှ သုတေသီများနှင့် ပညာရှင်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက မူဝါဒများပြင်ဆင် ချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းတို့ကို ခေတ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများသည် အခြေခံအရေးပါသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် မိမိတို့၏ သုတေသနလုပ်ငန်းများကို နိုင်ငံတော်မှ ချမှတ်ထားသည့် မျှော်မှန်းချက်များနှင့် အညီဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ ထို့အတူ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းတို့ကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး သုတေသနလုပ်ငန်းများကို ဆန်းသစ်တီထွင်မှု (Innovation) ရှိကြရန်နှင့် တောင်သူလယ်သမားများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် (Farmers Participatory Research) သုတေသန လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လှုပ်ရှားမှုဗီဒီယိုမှတ်တမ်းကို ပြသသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အောင်နိုင်တိုးစပါးမျိုးသစ် ထုတ်လုပ်နိုင်မှုအတွက် ဝန်ထမ်းများကို လက်ဆောင်ပစ္စည်းပေးအပ်ကြပြီး သုတေသန စွမ်းဆောင်ရည်ဆု ရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။

 

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရေး၌ အဓိကသော့ချက်ဖြစ်သည့် စိုက်ပျိုး‌ရေး သုတေသနလုပ်ငန်းကို လွတ်လပ်ရေးမတိုင်မီ ၁၉၀၈ ခုနှစ်ခန့်မှစ၍ စိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းများအရသိရှိရပြီး ၁၉၅၄ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် အင်းစိန်မြို့နယ် ကြို့ကုန်း၌ စိုက်ပျိုးရေးသုတေသန ဗိမာန် (Agricultural Research Institute - ARI) အမည်ဖြင့် တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးသုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့မှုမှာ နှစ်ပေါင်း (၇၁) နှစ် တိုင်ခဲ့ပြီဖြစ်သည်။

 

နောက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲများက စပါးအပြင် ယာသီးနှံများကိုပါ သုတေသန ပြုလုပ်သင့်ကြောင်း လမ်းညွှန်ချက်အရ ၁၉၇၁ ခုနှစ်တွင် ပျဉ်းမနားမြို့နယ် ရေဆင်း နယ်မြေကိုရွေးချယ်ပြောင်းရွှေ့ခဲ့ကာ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၁၉၉၀ ပြည့်နှစ်တွင် ဗဟိုစိုက်ပျိုးရေး သုတေသနဌာန (CARI) အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန (DAR) အဖြစ် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်လည်းကောင်း အဆင့်ဆင့် မြှင့်တင်ဖွဲ့စည်းခဲ့ရာ ယနေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် ရပ်တည်လာခဲ့သည့် နှစ်ပေါင်း (၂၁) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်