နေပြည်တော် စက်တင်ဘာ ၁၅
အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များ တိုးတက်ထုတ်လုပ်ရေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် တန်ဖိုးမြှင့် ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် လိုအပ်သောနည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီး ဌာနက ထောက်ပံ့အားပေးလျက်ရှိကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က တက်ညီလက်ညီ အားထုတ် ကြိုးပမ်းကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့က Haewoo Myanmar Co,ltd ဟင်းသီး ဟင်းရွက်အခြောက်ခံစက်ရုံကို ကြည့်ရှု အားပေးစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
Haewoo Myanmar Co,ltd ဂေါ်ဖီထုပ်အခြောက်ခံစက်ရုံအနေဖြင့် လက်ရှိအချိန်အထိ ဝန်ထမ်း(၆၀၀)ကို အလုပ်အကိုင်ပေးထားနိုင်ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ တန်ဘိုးမြင့် ဂေါ်ဖီခြောက်များကို ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရောင်းချ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် သက္ကနိုင်ကျေးရွာရှိ GAC Company ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းသို့ သွားရောက်၍ ခရမ်းချဉ်၊ ငရုတ်သီး၊ ငရုတ်ပွမျိုးများအား တောင်သူများနှင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်လုပ် ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုဌာနသို့ သွားရောက်ခဲ့ပြီး ပိုးမျိုးများမျိုးစပ်ခြင်း သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပိုးမျိုးသန့်မျိုးထိန်း လုပ်ငန်းများ၊ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေး သင်တန်းလုပ်ငန်းဆိုင်ရာ များကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပိုးချည်စက်ရုံနှင့်ပိုးချည်သုတေသနခြံသို့ သွားရောက်ကြပြီး ပိုးချည် ထုတ်လုပ်ခြင်းနှင့် ပိုးချည်မှ ဆပ်ပြာခေါင်းလျှော်ရည် ထုတ်လုပ်ခြင်းပိုးစာသီးမှ ဝိုင်ထုတ်လုပ်ခြင်း နည်းပညာ ဖြန့်ဖြူးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ပိုးသုတေသနနှင့် ပိုးစာသုတေသန လုပ်ငန်းများအားကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ပြည်ထောင်စု ဝန်ကြီးက ပိုးချည်နှင့် ပိုးထည်များကို နှစ်စဉ် ပြည်ပမှတင်သွင်းနေရမှုအပေါ် သွင်းကုန်အစားထိုးထုတ်လုပ် နိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် စီးပွားဖြစ်ထုတ်လုပ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံရေးကိုမြှင့်တင် ဆောင်ရွက်ရေး၊ အသေးစား စိုက်ပျိုးမွေးမြူသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေး နိုင်ရေးနှင့် မိသားစုဝင်ငွေတိုးတက်ရေးအတွက် အားပေးကူညီပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)


