နေပြည်တော်၊ ဇွန် ၂၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုံရှိ တောင်သူမ သစ်သီး‌ခြောက်နှင့် ယိုစုံလုပ်ငန်းစက်ရုံသို့ ရောက်ရှိပြီး  စီးပွားရေး တွက်ခြေကိုက်မှုကို အခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေး၊ တန်ဖိုးမြှင့် စားသောက်ကုန်ချောများ ထုတ်လုပ်ရာတွင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား၍ စက်ရုံအတွင်း သရက်သီးခြောက် ထုတ်လုပ်နေမှုတို့ကို  လိုက်လံကြည့်ရှု အားပေးသည်။

 

အလားတူ ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့ရှိ Myanmar Agri Food Co;.Ltd ၏ ကန်ထရိုက် လယ်ယာစနစ်ဖြင့် အရည်အသွေးကောင်းသော ကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ရရှိရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်  အေးခဲ ဟင်းသီးဟင်းရွက်များအဖြစ် နိုင်ငံတကာ စျေးကွက်သို့ တင်ပို့နေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအတွက် တည်ငြိမ်သော စျေးကွက်နှင့် အကျိုးအမြတ် ရရှိစေရေး၊ တောင်သူတစ်ဦးခြင်းစီ၏ ဝင်ငွေတိုးတက်စေရေး၊ စျေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်ကုန်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီစေရေးနှင့် အစားအစား ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။

 

ဆက်လက်၍ ရေးဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန  စပ်မျိုးနေကြာ (၁) မျိုးစေ့ထုတ် စိုက်ခင်းကိုလည်းကောင်း၊ စပ်မျိုးနေကြာစိုက်ခင်းနှင့် ပျားမွေးမြူရေး တွဲဖက်ဆောင်ရွက်ထားသည့်  စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုပြီး နည်းပညာ ပြန့်ပွားရေး လုပ်ငန်းဆောင်ရွက်နေသူများ အနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက် တုန့်ပြန်မှုနှင့် လက်တွေ့ မြေပြင်အခြေအနေမှန်များကို ထဲထဲဝင်ဝင်သိရှိ ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။

 

အလားတူ  စပါးဇီဝဥယျာဉ်သို့ ရောက်ရှိပြီး ကောက်ရိုးကို အသုံးပြု၍ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် စက္ကူထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ကောက်ရိုးနှင့် စပါးခွံအသုံးပြု၍ တီကျစ်မြေဆွေး ပြုလုပ်ခြင်း၊ ဇီဝမြေသြဇာ ထုတ်လုပ်ခြင်း၊ ရေသန့်စင်ခြင်း၊ စွမ်းအင်မဲ့ အအေးပေး သိုလှောင်ကန် တည်ဆောက်အသုံးပြုခြင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ရရှိသော ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ တိရိစ္ဆာန်အစားအစာထုတ်လုပ်ခြင်းနှင့် ဆန်ကိုအခြေခံ၍ ပြုလုပ်သော ဒေသထွက် အစားအစာများ၏ အာဟာရဓာတ်ပါဝင်မှုကိုလေ့လာပြီး အာဟာရ ဓာတ်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်