၃၀ ဇွန်

အိမ်နီးချင်းနိုင်ငံများမှထုတ်လုပ်သည့်  စိုက်ပျိုးရေးအခြေခံစားသောက် ကုန်များ  မိမိတို့၏  ပြည်တွင်းဈေးကွက်သို့  ဝင်ရောက်နေရာယူနေကြသည်။  ဆန်စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စသည်တို့ကို မိမိတို့နိုင်ငံတွင် အမြောက်အမြား စိုက်ပျိုးထုတ်လုပ် နိုင်စွမ်းရှိပါလျက်နှင့်  စားသောက်ကုန်(ကုန်ချော)များ  ထုတ်လုပ်နိုင်မှု အားနည်းချက်ကြောင့်ဟု ယူဆမိသည်။

မိမိတို့က ဆန်တစ်မျိုးတည်းကိုသာ အဓိကထုတ်လုပ်နေချိန်တွင် ဆန်ကို အခြေပြု၍ အဆင်သင့်စားသုံးနိုင်သည့် ဆန်ပြုတ်၊ ဆန်ပြား၊ ဆန်ခေါက်ဆွဲ၊  ဆန်မှုန့်၊ ဆန်ကွတ်ကီး စသည့် စားသောက်ကုန်များ မိမိတို့ဈေးကွက်တွင်းသို့  ပြည်ပမှ  ဝင်ရောက်နေသည်။  ဆီတွင်လည်း ထိုနည်းနှင်နှင်။  ပြည်တွင်းမှ  မြေပဲဆီ၊  နှမ်းဆီကုန်အမှတ်တံဆိပ်များကို  ပြည်ပမှဝင်ရောက်လာသည့်  ဟင်းရွက်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ စသည်ဖြင့် ကုန်အမှတ်  တံဆိပ်မျိုးစုံ၊ ရွေးချယ်စရာအမယ်မျိုးစုံတို့က ဝန်းရံထားကြသည်။ အရည်အသွေး၊   ထုပ်ပိုးမှု၊   ဈေးနှုန်းနှင့်   အစားအသောက်လုံခြုံဘေးကင်းမှု အာမခံချက်စသည်ဖြင့်    ဝယ်ယူစားသုံးမည့်သူတို့ကို   ဆွဲဆောင်နိုင်စွမ်း ရှိကြသည်။

မိမိတို့နိုင်ငံသည်      စိုက်ပျိုးရေးအခြေခံသော      စက်မှုနိုင်ငံအဖြစ် ဖော်ဆောင်မည်ဟူသော      ရည်မှန်းချက်ထားရှိသည့်      နိုင်ငံဖြစ်သည်။ အမှန်တကယ်လုပ်ကိုင်မည်ဆိုပါက မြေယာများရှိသည်။ လုပ်သားလည်း ပေါသည်။ ပြည်တွင်း ပြည်ပဈေးကွက်များကလည်း အဆင်သင့်ရှိသည်။  ပြည်တွင်းစက်မှုလုပ်ငန်းများ၏    ၆၀    ရာခိုင်နှုန်းမှာ    စားသောက်ကုန် ထုတ်လုပ်နေကြခြင်းဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖြစ်ကြသည်ဟုဆိုသည်။ 


ရင်းနှီးမြှုပ်နှံမှုနှင့်      နည်းပညာအားနည်းချက်တို့ကြောင့်      ပြည်တွင်း စားသောက်ကုန်များစွာတို့မှာ  အရည်အသွေးများစွာ  နိမ့်ကျနေကြပြီး  အစားအစာ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မပေးနိုင်ကြ။ ထုပ်ပိုးမှု  အားနည်းချက်များ ရှိနေကြသည်။ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် မှာလည်း သတ်မှတ်စံချိန်စံညွှန်းများ မမီ။ စံချိန်စံညွှန်းမီသည့် ကုန်ပစ္စည်းများမှာလည်း ပြည်ပဈေးကွက်မှ တောင်းဆိုသည့်ပမာဏကို မဖြည့်ဆည်းနိုင်။   ဈေးကွက်က   တောင်းဆိုသည့်   ပမာဏ   အမြောက်အမြားကို ဖြည့်ဆည်းကြသည့်အခါတွင်လည်း  အရေအတွက်များလာသည်နှင့်အမျှ  အရည်အသွေးတို့ လျော့ကျလာရသည်ဟု ဆိုသည်။ ယင်းအခြေအနေတို့မှာ  စိုက်ပျိုးရေးထွက်ကုန်  (ကုန်ကြမ်း)  တို့ကို  တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့်  စက်မှုအခြေခံ အားနည်းချက်နှင့်လည်း ဆက်စပ်နေသည်။

မကြာသေးမီ   ရက်ပိုင်းအတွင်းက   ဂျပန်နှင့်   မြန်မာ  စီးပွားရေး အဖွဲ့အစည်း နှစ်ခုတို့က မြန်မာနိုင်ငံမှထွက်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို    အခြေခံပြီး    တန်ဖိုးမြှင့်စားသောက်ကုန်များ    ထုတ်လုပ်မည့်  စက်မှုဇုန်တစ်ခုကို  ထူထောင်သွားရန်  နားလည်မှုစာချွန်လွှာတစ်ရပ်ကို  လက်မှတ်ရေးထိုးလိုက်ကြသည်။ အဆိုပါ စက်မှုဇုန်ကို ဒေါ်လာသန်း ၁၅၀  အထိ ရင်းနှီးမြှုပ်နှံကာ ရန်ကုန်တွင် ဖော်ဆောင်သွားမည်ဟုလည်းဆိုသည်။ ယင်းကဲ့သို့သော   စက်မှုဇုန်များ   ထူထောင်ခြင်းအားဖြင့်   ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သူ  တောင်သူများအတွက်  ကုန်ကြမ်းဈေးကွက်များ ဖြစ်ပေါ်လာမည်ဖြစ်သလို လူငယ်များအတွက်  အလုပ်အကိုင်အခွင့်အလမ်းများလည်း ထပ်မံပေါ်ပေါက်လာနိုင်မည်ဟု ရှုမြင်မိသည်။

စိုက်ပျိုးရေးစားသောက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်မှုများမှာ ရန်ကုန်တွင်သာမက အခြေခံအဆောက်အအုံ၊ လျှပ်စစ်၊ ရေ၊ မီး၊ လမ်းတံတား ဆက်သွယ်ရေးတို့ ပြည့်စုံပြီး လုပ်သားအင်အား အလွယ်တကူရရှိနိုင်သည့်   မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားတို့တွင် ထူထောင်နိုင်သည်နှင့်အမျှ  နိုင်ငံစီးပွားကို ကြီးမားစွာ အထောက်အကူပြု မြှင့်တင်နိုင်မည်ဟု ယုံကြည် မိပါကြောင်း။         ။

မြန်မာ့အလင်း