ဒေါက်တာပပဝင်း
မြန်မာနိုင်၏ စီးပွားရေးမဏ္ဍိုင်သည် စိုက်ပျိုးရေးကဏ္ဍဖြစ်သောကြောင့် စိုက်ပျိုးရေးနှင့်ပတ်သက်ဆက်နွှယ်နေသူများအားလုံး၏ ဟန်ချက်ညီသော အရွေ့များသည် အဆိုပါကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်နေသည့် မောင်းနှင်အားများ ဖြစ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍ၏ အသက်သွေးကြောမှာ ခေတ်မီနည်းပညာများကို လက်တွေ့အသုံးချနိုင်စွမ်းဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးဖြင့် အသက်မွေးကြ သည့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်သန်၍ တောင်သူ၊ ပညာရှင်၊ လုပ်ငန်းရှင်၊ ကုန်သည်ပွဲစား စသည့် အားလုံးပါဝင် သော အသိပညာနှီးနှောဖလှယ်ပွဲများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး(စိုက်ပျိုးရေး)မှ ဦးဆောင်ပြီး ၅-၈-၂၀၂၃ ရက်နေ့မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း စနစ်တကျအစီအမံများချမှတ်ကာ ဆောင်ရွက်ခဲ့ကြသည်မှာ ၂၈-၃-၂၀၂၆ ရက်နေ့တွင် (၁၀၈)ကြိမ် မြောက်သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။
ဆွေးနွေးပွဲများသည် စာတွေ့ပညာရပ်များကို လက်တွေ့မြေပြင်နှင့် ပေါင်းကူးပေးရုံသာမက စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်သော အသိပညာဗဟုသုတ ဘဏ္ဍာတိုက်ကြီးသဖွယ်ဖြစ်လာခဲ့ရာ ကျင်းပပြုလုပ်ခဲ့သည့် တောင်သူနည်းပညာ ဆွေးနွေးပွဲများအနက် အချို့အား ခြုံငုံတင်ပြမည်ဆိုပါက-
တောင်သူနည်းပညာပေးဆွေးနွေးပွဲ
တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Farmer Technical Forum) ဆိုသည်မှာ တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲပြဿနာများကို စုပေါင်းညှိနှိုင်းပေါင်းစပ် ဖြေရှင်းနိုင်ရေးအတွက် အသိပညာ၊ ဗဟုသုတများနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်နိုင်ရန် ဆောင်ရွက်သည့် ဆွေးနွေးမှုပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ တောင်သူနည်းပညာဆွေးနွေးပွဲများ ကျင်းပရသည့်ရည်ရွယ်ချက်မှာ ပညာရှင်များ လေ့လာသိရှိထားသည်များနှင့် တောင်သူတို့၏ အတွေ့အကြုံများအကြား “အကြားအလပ်မရှိ” အပြန်အလှန်မျှဝေခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဟန့်တားနေသည့် အဟန့်အတားပြဿနာများအပေါ် လက်တွေ့အသုံးချနိုင်သော နည်းပညာဖြေရှင်းချက်များ ရရှိစေရန်ဖြစ်ပါသည်။
မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ
တောင်သူနည်းပညာပေးဆွေးနွေးချက်များ
ဆွေးနွေးပွဲပေါင်း (၁၀၇)ကြိမ်၌ စိုက်ပျိုးရေးတွင် အခြေခံအကျဆုံးဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာဆွေးနွေးချက်များအပါအဝင် အဆိုပါအခြေခံ အကြောင်းတရားများအပေါ် စီမံထိန်းကျောင်းဆောင်ရွက်ရသည့် ငွေကြေးအစီအမံများ၊ ဥပဒေမူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘာဝအရင်း အမြစ်များ ရေရှည်တည်တံ့စေမည့် ဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲများတွင် တောင်သူ၊ ပညာရှင်နှင့် လုပ်ငန်းရှင်တို့သည် online/ in person တို့ဖြင့် တက်ရောက်ခဲ့ကြရာ စုစုပေါင်းတက်ရောက်သူ ၂၂၈၁၄ ဦးရှိခဲ့ပါသည်။ ဆွေးနွေးပွဲများတွင် တင်ပြခဲ့သော Power Point တင်ပြချက်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံးများသို့ Email ဖြင့် ဖြန့်ဝေခဲ့ပြီး www.dar.gov.mm တွင် Upload ပြုလုပ်ထားသောကြောင့် စိတ်ပါဝင်စားသူများ ဝင်ရောက်လေ့လာနိုင်ပါသည်။ အဓိကမျှဝေဆောင်ရွက်ခဲ့သည်များမှာ လယ်ယာလုပ်ငန်းအတွေ့အကြုံများ ရင်ဆိုင်နေရသော အခက်အခဲများ ဆွေးနွေးခြင်း၊ နည်းပညာအသစ်များ လေ့လာခြင်းနှင့် ကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ အဖြေရှာခြင်းတို့ပင်ဖြစ်ပါသည်။
စိုက်ပျိုးရေးဆိုင်ရာ သုတနှင့်နည်းပညာ ပြန့်ပွားရေးနည်းလမ်းများစွာရှိသည့်အနက် တောင်သူပူးပေါင်းပါဝင်သော နည်းပညာပြန့်ပွားရေးနည်းလမ်း သည် ခေတ်မီနည်းပညာပြန့်ပွားရေး နည်းလမ်းတစ်ရပ်ဖြစ်သည်။ တောင်သူလယ်သမားများကို သုတေသနနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ၏ ဗဟိုအဖြစ်ထားရှိကာ တက်ကြွစွာပူးပေါင်းပါဝင်စေခြင်း ဖြစ်ပါသည်။
အဓိကထားသည့်အချက်များ
လယ်သမားများကို သုတေသနနှင့် တိုးတက် ရေးလုပ်ငန်းများတွင် အဓိကပါဝင်ဆောင်ရွက်သူများအဖြစ် သတ်မှတ်ထားခြင်း၊ လယ်သမားများနှင့် ပညာရှင်များ အတူတကွ မေးခွန်းထုတ်ခြင်း၊ စမ်းသပ်ခြင်း၊ လေ့လာခြင်းနှင့် ရလဒ်များကို ဆွေးနွေးသုံးသပ်ခြင်း၊ ဒေသအခြေအနေနှင့်ကိုက်ညီသောနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ လယ်သမားများ၏ ဆုံးဖြတ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းမြှင့်တင်ပေးခြင်း၊ လယ်သမားအချင်းချင်း အတွေ့အကြုံနှင့် နည်းပညာများ မျှဝေဖလှယ်နိုင်စေခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးတိုးတက်မှုကို အားပေးခြင်းတို့ပင်ဖြစ်ပါသည်။
မျိုး
မျိုးကောင်း၊ မျိုးသန့်နှင့် မျိုးစေ့စီရင်ခြင်း
“မျိုး”သည် စိုက်ပျိုးရေးအတွက် အခြေခံအကျဆုံး ယူနစ်(unit) ဖြစ်ပါသည်။ “မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်းအသီးဖျင်း” ဆိုသည့်အတိုင်း မျိုးကောင်း၊ မျိုးသန့် ရရှိစိုက်ပျိုးနိုင်မှုမှာ အလွန်ပင်အရေးကြီးပါသည်။ မျိုးကောင်း၊ မျိုးသန့်ဟုဆိုရာတွင် မျိုးကောင်းတိုင်း မျိုးမသန့်နိုင်သလို မျိုးသန့် တိုင်းလည်း မျိုးကောင်းဟုမဆိုနိုင်ပေ။
မျိုးကောင်းဆိုသည်မှာ -
- ရေမြေဒေသ၊ ရာသီဥတုအလိုက် စိုက်ပျိုး ဖြစ်ထွန်းနိုင်ခြင်း
- အထွက်ကောင်းခြင်း၊
- စားသုံးမှုကောင်းခြင်း၊
- ပိုး၊ ရောဂါနှင့် သဘာဝရေမြေရာသီဥတု ဒဏ်ခံနိုင်ခြင်း၊
- ဈေးကွက်ဝင် ဈေးကောင်းရနိုင်သည့် အရည်အချင်းလက္ခဏာများပါရှိခြင်း။
မျိုးသန့်ဆိုသည်မှာ -
ရုပ်သွင်ပြင်လက္ခဏာသန့်စင်ခြင်း (အခြားမျိုးကွဲ၊ ပေါင်းစေ့၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ခြင်း)
- ကျန်းမာသန်စွမ်းခြင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းခြင်း၊
- မျိုးရိုးဗီဇမှန်ကန်ခြင်း (အပင်ညီညာခြင်း၊ ပန်းပွင့်ရက် ညီညာခြင်း၊ ပင်စည်၊ အကိုင်း၊ အရွက်၊ အသီး၊ အပွင့်ပုံသဏ္ဌာန် ကွဲလွဲမှု မရှိခြင်း)
- အစိုဓာတ်အများဆုံး (ဥပမာ- စပါးသီးနှံ တွင် ၁၃ ရာခိုင်နှုန်း) ရှိခြင်း၊
- အပင်ပေါက်နှုန်းအနည်းဆုံး (၈၀ ရာခိုင် နှုန်း)အထက် ရှိခြင်း။
မိမိစိုက်ပျိုးမည့် မျိုးအကြောင်းကို သေချာစွာ သိရှိရန်အတွက် သတင်းအချက်အလက်များ ရယူရပါမည်။ ယခုအခါ တောင်သူများ မျိုးသန့်မျိုးစေ့ လုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်မျိုးစေ့ထုတ်သည့် လုပ်ငန်းစဉ်များ ဖွံ့ဖြိုးလာရန် လိုအပ်လျက်ရှိပါသည်။ မျိုးစေ့ ပွားများထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ဥပမာ - စပါးသီးနှံဆိုလျှင် မိမိစိုက်ပျိုးသည့်မျိုး၏ အရည်အချင်းလက္ခဏာအမှန်ကို ကိုယ်စားပြုသည့် အပင်များမှ ခေါင်နှံ၊ အကောင်းဆုံးအနှံ ၁၅၀၀-၂၀၀၀ ခန့် သီးသန့်ရွေးချယ် စနစ်တကျ သိမ်းဆည်းပါက တစ်ဧက စိုက်ပျိုးနိုင်မည်ဖြစ်ပြီး နေကြာသီးနှံ (ပင်တည်းဝတ်မှုန်ကူး)ဆိုပါက အကောင်းဆုံး အပွင့် ၅၀၀ ကို သီးသန့်ခြွေလှေ့သိမ်းဆည်းပါက လေးဧကစိုက်ပျိုးနိုင်ပါသည်။ အလားတူ ပဲမျိုးစုံနှင့် အခြားသီးနှံများကိုလည်း တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ခြင်းများနှင့် မျိုးစေ့များကို စနစ်တကျ ပြာလှေ့သန့်စင်ပြီး မျိုးစေ့စီရင်သည့် နည်းလမ်းများကို အသုံးပြုသင့်ပြီး စိုက်ပျိုးရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဝါသီးနှံဆိုလျှင် အမွေးချွတ်ထားသောဝါစေ့ကိုသာ မျိုးစေ့အဖြစ် စနစ်တကျ ပိုးမွှားရောဂါကာကွယ်ဆေးများ လူးနယ်စိုက်ပျိုးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မျိုးအသစ်များပြောင်းလဲလက်ခံစိုက်ပျိုးနိုင်ရေး
စပါးသီးနှံ
စပါးသည် မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး နွေစပါး၊ မိုးစပါးစုစုပေါင်း စိုက်ဧက ၁၇ သန်းခန့်ရှိရာ စပါးစိုက်တောင်သူများ၏ မျိုးကောင်း မျိုးသန့် လိုအပ်ချက်မှာလည်း မြင့်မားလျက် ရှိပါသည်။ တောင်သူပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်းများ အပါအဝင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် အချို့သောအစိုးရဌာနများမှ မွေးမြူထုတ်လုပ်သည့် မျိုးအသစ်များကို တောင်သူများယုံကြည်စွာ လက်ခံလာရန် နည်းပညာပေးဆွေးနွေးပွဲများတွင် ဆွေးနွေးခဲ့ကြရာ တောင်သူများ မျိုးသစ်များကို ကျယ်ပြန့်စွာ လက်ခံစိုက်ပျိုးလာကြပါသည်။ နိုင်ငံတော်သီးနှံဖြစ်သည့် စပါးသီးနှံတွင် သက်လျင်၊ အထွက်ကောင်း၊ ဆန်သားကြည်လင်ပြီး စားသုံးမှုအရည်အသွေးကောင်း၊ ကုပ်ကျိုးရောဂါနှင့် ဖြုတ်ညိုဒဏ်ခံနိုင်ရည်ရှိသည့် အောင်နိုင်တိုးစပါးမျိုးသစ်၊ အထွက်ကောင်းပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့် ရေဆင်းပေါ်ဆန်း- ၁၊ ရေဆင်းပေါ်ဆန်း - ၂ အစရှိသည့် စပါးမျိုးသစ်များ၊ အရည်အသွေးကောင်းစပါးများဖြစ်သည့် YKQR– 01, YQR – 11၊ ရေအနည်းလိုစပါးမျိုးသစ်များဖြစ်သည့် ရေအနည်းလို-၇၊ ယာစပါးမျိုးသစ်များ၊ ရေမြုပ်ခံ၊ ရေနေခံစပါးမျိုးသစ်များကို တိုးချဲ့စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ စပါးသီးနှံပန်းတိုင် အထွက်ရရှိရေးနည်းပညာများကို လိုက်ပါဆောင်ရွက်လုပ်ကိုင်စေမည့် နည်းပညာဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
ပဲမျိုးစုံသီးနှံ
ပဲမျိုးစုံသီးနှံကို မြန်မာနိုင်ငံ စုစုပေါင်းသီးနှံ စိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိပါသည်။ ပဲအမျိုးပေါင်းများစွာရှိသည့်အနက် အဓိကစိုက်ပျိုးသည့် ပဲ ၁၈ မျိုးခန့်ရှိပါသည်။ ၎င်းတို့မှာ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်၊ ပဲလွမ်း၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ၊ ထောပတ်ပဲ၊ စွန်တာနီ၊စွန်တာပြာ၊ ပဲရာဇာ၊ မြေထောက်ပဲ၊ ပဲနောက်၊ ပဲကြား၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲနှင့် အခြား ပဲမျိုးစုံတို့ဖြစ်ကြသည်။ ပဲမျိုးစုံစုစုပေါင်းစိုက်ဧက၏ ၈၀ ရာခိုင်နှုန်းတွင် ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်တို့ကို အဓိကစိုက်ပျိုးကြပါသည်။ ပဲသီးနှံသည် အသားဓာတ် (Protein) နှင့် အမျှင် ဓာတ်များ ကြွယ်ဝသောကြောင့် ကျန်းမာရေး အာဟာရတန်ဖိုးအရ အရေးပါသောသီးနှံဖြစ်သည်။
ပဲမျိုးအလိုက် အသားဓာတ် ပါဝင်မှုမှာ ပဲပုပ် (၃၆ ဒသမ ၄၉ ရာခိုင်နှုန်း) ၊ မတ်ပဲ (၂၅ ဒသမ ၂၁ ရာခိုင်နှုန်း)၊ ကုလားပဲ (၂၀-၂၅ ရာခိုင်နှုန်း)နှင့် ပဲတီစိမ်း (၂၁ ဒသမ ၆၀ ရာခိုင်နှုန်း) တို့ရှိကြပါသည်။ ပြည်ပပို့ကုန် ပဲမျိုးစုံ၏ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့လျက်ရှိပါ သည်။ မျိုးရွေးချယ်စိုက်ပျိုးခြင်းနှင့် မျိုးစေ့စီရင်ခြင်းများနှင့်စပ်လျဉ်း၍လည်း ဒေသရေမြေနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်ရန်နှင့် မျိုးစေ့ကို ရိုက်ဇိုဘီယမ်ဖြင့် လူးနယ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ပဲတီစိမ်းသီးနှံတွင် ရေဆင်း-၁၊ ရေဆင်း-၉ အပါအဝင် ထုတ်ဝေပြီးမျိုးများအနက် အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ရည် ရှိသောမျိုး များဖြစ်သည့် ရေဆင်း-၁၁၊ ရေဆင်း-၁၄ နှင့် ရေဆင်း-၁၅ နှင့် ရေဆင်း-၁၆ တို့ကို ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ ထုတ်ဝေပြီး မတ်ပဲမျိုးများဖြစ်သည့် ရေဆင်း- ၂၊ ရေဆင်း-၃၊ ရေဆင်း-၄၊ ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၈ မျိုးများအနက် ရေဆင်း-၇ မတ်ပဲမျိုးသည် အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသည့်မျိုးဖြစ်သည်။ ထို့အပြင် ပုလဲထွန်း ဟင်္သတ/မိုးညိုလုံးကြီးတို့ကို တောင်သူများ စိုက်ပျိုးလျက်ရှိသည်။ ပဲစင်းငုံမျိုးများဖြစ်သည့် ရေဆင်း-၉၊ ရေဆင်း-၁၀ မျိုးများအပြင် မုံရွာ ရွှေဒင်္ဂါးမျိုးကို တောင်သူများ စိုက်ပျိုးလျက်ရှိပါ သည်။ ထုတ်ဝေထားသည့် ကုလားပဲမျိုးများဖြစ်သော ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း- ၄၊ ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း- ၈၊ ရေဆင်း-၁၂ စသည့်မျိုးများကို တောင်သူများ လက်ခံစိုက်ပျိုးလျက်ရှိပါသည်။ အလားတူ ပဲပုပ်သီးနှံတွင် ရေဆင်း-၁၅၊ ရေဆင်း-၁၆ မျိုးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။
ဆီထွက်သီးနှံများ
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးမှုသည် စုစုပေါင်းသီးနှံစိုက်ဧရိယာ၏ ၂၅ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိပါသည်။ အဓိက ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး ပန်းနှမ်းနှင့် ဆီမုန်ညင်းတို့ကို စစ်ကိုင်းတိုင်း၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ ဆီထွက်သီးနှံများကို စားသုံးဆီဖူလုံရေးနှင့် ဆီကြိတ်ရာမှရရှိလာသော ပဲဖတ်၊ နှမ်းဖတ်များကို တိရစ္ဆာန်အစာအဖြစ် သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။
မြေပဲ
မြေပဲသီးနှံသည် အဓိကစားသုံးဆီကို ထုတ်လုပ်သည့် သီးနှံဖြစ်သည့်အပြင် စားသောက်ကုန်လုပ်ငန်းများတွင်လည်း အသုံးပြုပါသည်။ အစေ့စား မြေပဲမျိုးများ၏ မြေပဲလုံးဆန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ သက်လျင်၊ ရေငတ်ခံ၊ အထွက်ကောင်း ရွက်ပြောက်ရောဂါဒဏ်ခံမျိုးများနှင့် ပြည်ပဈေးကွက်ဝင် အစေ့စားမြေပဲမျိုးများကို တောင်သူများရွေးချယ်စိုက်ပျိုးနိုင်ရန် မျိုးများမွေးမြူထုတ်လုပ်ထားပြီး ဖြစ်ပါသည်။ ပြည်တွင်းစားသုံးဆီအတွက် ဆီကြိတ်ရန်နှင့် မြေပဲနှင့်ပတ်သက်သည့် မုန့်ပဲသရေစာများ ပြုလုပ်ရာတွင် အသုံးပြုရန်သင့်တော်သည့် ဆင်း ပဒေသာ-၆၊ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ ဆင်းပဒေသာ-၁၂၊ ဆင်းပဒေသာ-၁၆၊ မကွေး- ၁၆ စသည့် မြေပဲမျိုးများသည် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည့် မျိုးများဖြစ်ပါသည်။
နှမ်း
နှမ်းသီးနှံသည် ပြည်တွင်းစားသုံးဆီဖူလုံရေး နှင့် နိုင်ငံခြားငွေရရှိရေးတို့အတွက် အရေးပါသည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ မျိုးနှုန်းအနည်းငယ်သာလိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စားသုံးဆီအဖြစ် လူကြိုက်များခြင်းတို့အပြင် ပြည်ပဈေးကွက်ဝင် သီးနှံလည်း ဖြစ်ပါသည်။ ထုတ်ဝေပြီး နှမ်းသီးနှံမျိုးများအနက် အထွက်နှုန်းကောင်းမွန်သော သက်လျင်နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၁၂၊ ဆင်းရတနာ-၁၄ နှင့် သိပ္ပံနှမ်းနက်စသည့်မျိုးများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။
နေကြာ
နေကြာသီးနှံသည် ထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ တစ်ဧကဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တိုးတက်ပွားများထုတ်လုပ်ရန် လိုအပ်သည့် သီးနှံလည်းဖြစ်ပါသည်။ နေကြာဆီသည် သွေးထဲတွင် ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးသည့် အဆီပါဝင်မှုများသောကြောင့် စားသုံးဆီအဖြစ် လူကြိုက်များခြင်းဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ပြည်တွင်းထုတ် စပ်မျိုးနေကြာ ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ပြည်ပနိုင်ငံများမှ တင်ပြသွင်းသည့် စပ်မျိုးနေကြာများ စိုက်ပျိုးသကဲ့ သို့ သဘာဝဝတ်မှုန်ကူး နေကြာမျိုးဖြစ်သည့် ဆင်းရွှေကြာ-၂ နေကြာမျိုးကိုလည်း မျိုးရွေးချယ်၊ မျိုးစေ့ ပွား၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိပါသည်။
ပြောင်းဖူးသီးနှံ
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းသီးနှံကို နှစ်စဉ်ဧက ၁ ဒသမ ၄ သန်းခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အထွက်မှာ တန်ချိန်ပေါင်း ၂ ဒသမ ၃ သန်းခန့် စိုက်ပျိုးထွက်ရှိပါသည်။ အစေ့ထုတ်ပြောင်း သီးနှံ စိုက်ပျိုးဧကများအနက် ၈၅ ရာခိုင်နှုန်းကျော်သည် စပ်မျိုးမျိုးစေ့များကို စိုက်ပျိုးခြင်းဖြစ်ရာ ထွက်ရှိလာသော အစေ့ထုတ်ပြောင်းစေ့များကို ပြည်တွင်း၌လိုအပ်သော တိရစ္ဆာန်စာအဖြစ် အသုံးပြုခြင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြောင်းသီးနှံသည် နှံစားသီးနှံများ၏ဘုရင်မ (Queen of Cereal) ဟု တင်စားရလောက်အောင်ပင် ရာသီဒေသမျိုးစုံ တွင် လိုက်လျောညီထွေဖြစ်ထွန်းသည့် ဘက်စုံသုံးသီးနှံတစ်မျိုးဖြစ်ပါသည်။ တောင်သူများသည် ပြည်ပစပ်မျိုးပြောင်းများနှင့် ပြည်တွင်းထုတ်စပ်မျိုး ပြောင်းများဖြစ်သည့် ရေဆင်းစပ်မျိုး-၁၀ (အဖူးကြီး ၍ ဖက်လုံပြောင်းစေ့၊ အဖူးထိပ်ပြည့်၊ အူတိုင်သေး၊ ပြောင်းရွက်ခြောက် ရောဂါဒဏ်ခံနိုင်သောမျိုး)၊ ရေဆင်းစပ်မျိုး-၁၁ (အူတိုင်သေး၊ အစေ့ထွက်ရာနှုန်းကောင်း၊ ဖက်စရှည်၍ အဖူးထိပ်လုံ၊ အဖူးထိပ်အစေ့ပြည့်၊ လိမ္မော်ရောင်ထိပ်ခုံးအစေ့မျိုး)၊ ရေဆင်းစပ်မျိုး-၁၂ (အသက်လျင် အထွက်နှုန်းကောင်းမွန်သောမျိုး)နှင့် ရေဆင်းစပ်မျိုး-၁၄ (သက်လတ်အထွက်နှုန်းကောင်း၊ အစေ့ကြီး၊ ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်ရည်ရှိသောမျိုး) တို့ကို စိုက်ပျိုးလျက်ရှိပါသည်။
ဝါသီးနှံ
မြန်မာနိုင်ငံတွင် ဝါသီးနှံသည် စက်မှုကုန်ကြမ်း သီးနှံများအနက်အရေးပါသည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ဝါသီးနှံကို အဝတ်အထည်ဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဝါသီးနှံစိုက်ဧက ငါးသိန်းကျော် ရှိပါသည်။ လက်ရှိတောင်သူများ စိုက်ပျိုးသည့်ဝါမျိုးများမှာ ရေတောင်-၈၊ ရွှေတောင် -၁၀၊ ငွေခြည်-၆၊ ငွေချည်-၉၊ ငွေချည်-၁၁၊ လိုင်း-၆၆ စသည့်မျိုးများနှင့် စပ်မျိုးဝါများကို ဒေသဖြစ်ထွန်း မှုအပေါ်မူတည်၍ ရွေးချယ်စိုက်ပျိုးလျက်ရှိပါသည်။ ဝါသီးနှံတွင် မျိုးစေ့စနစ် ထွန်းကားရန်အတွက် တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်ခြင်း၊ ဝါကြိတ်စက်အငယ်စားများဖြင့် မျိုးစေ့ကြိတ်ခွဲခြင်း၊ မျိုးစေ့ကို အမွေးချွတ်၍ သန့်စင်သော ဝါစေ့များကို စိုက်ပျိုး သည့်စနစ်ကျင့်သုံးရမည်ဖြစ်ပါသည်။ ထို့အပြင် အပင်ထိန်းချုပ်ဆေးများ အသုံးပြု၍ တစ်ကြိမ်တည်း ဝါကောက်သိမ်းနိုင်သည့် တစ်ဧက အပင်ဦးရေ ၃၅၀၀၀-၄၀၀၀၀ ဝင်ဆံ့သည့် အပင်ဦးရေစိပ်စိပ် (အပင်ကျပ်) စိုက်ပျိုးခြင်းများဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်သစ်သီးဝလံ
ဟင်းသီးဟင်းရွက်ကို နေ့စဉ်စားသုံးရမည်ဖြစ်ပြီး ကျန်းမာရေးအတွက် တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အနည်းဆုံး ၄၀၀ ဂရမ် (၂၅ ကျပ်သား) စားသုံးသင့်ပါသည်။ အာဟာရနှင့် ကျန်းမာရေးရှုထောင့်အရ ကြည့်မည်ဆိုပါက ဟင်းသီးဟင်းရွက်စားသုံးခြင်းသည် ကိုယ်ခံအားကို မြှင့်တင်ပေးပြီးရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်း
အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းသည် ရှေးအကျဆုံး စိုက်ပျိုးရေး ဂေဟစနစ်တစ်ခုဖြစ်သည့်အပြင် ဒေသအသီးသီး၏ ယဉ်ကျေးမှုအစိတ်အပိုင်းလည်း ဖြစ်ပါ သည်။ ရင်းနှီးငွေအနည်းငယ်နှင့် မိသားစုလုပ်အား ဖြင့် လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး နေ့စဉ်နှစ်ပေါက် မိသားစုအာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါသည်။
မြို့ပြနှင့်ကျေးလက် အိမ်ခြံဥယျာဉ် စိုက်ပျိုးရမည့်နည်းလမ်းများ
မြို့ပြအိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းသည် မြေဧရိယာအကန့်အသတ်ရှိ၍ ဒေါင်လိုက်စိုက်ပျိုးခြင်း၊ အာဟာရဖျော်ရည်ဖြင့်စိုက်ပျိုးခြင်း၊ မြေငှားစိုက်ပျိုး ခြင်းနှင့် ချိတ်ဆွဲစိုက်ပျိုးခြင်း အစရှိသည့် နည်းစနစ်များကိုအသုံးပြု၍ စိုက်ပျိုးလေ့ရှိပါသည်။ ကျေးလက် အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်းသည် မိမိတို့ပိုင်ဆိုင် သည့် မြေဧရိယာပေါ်တွင် အခြေခံအုပ်စု သုံးမျိုးဖြစ် သည့် အမြစ်စား၊ အသီးစား၊ အရွက်စားအမျိုးမျိုးတို့ကို သီးလှည့်၊ သီးရော၊ သီးညှပ်၊ အလင်းရောင် လိုအပ်ချက်ပေါ်မူတည်၍ သင့်တော်စွာ စိုက်ပျိုးသင့်ပါသည်။
အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများ
ရင်းနှီးငွေအနည်းငယ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ ဆင်းရဲချမ်းသာမရွေး ဆောင်ရွက်နိုင်ခြင်း၊ လတ်ဆတ်ပြီးမျိုးစုံသည့် အိမ်စိုက်သီးနှံများရရှိနိုင် ခြင်း၊ အစားအစာအတွက် အသုံးပြုရမည့်ငွေ လျှော့ချနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားဖြစ်၍ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ခြင်း၊ စိတ်ကြည်နူး ပျော်ရွှင်ခြင်း၊ ပိုလျှံသည်ကိုရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိခြင်း၊ ရေချွေတာခွဲဝေသုံးနိုင်ခြင်း၊ ဝီရိယရှိသည့် အလေ့အထများဖြစ်စေခြင်း၊ အစား အစာ အပင်များအပြင် ဆေးဖက်ဝင်အပင်များ၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ပန်းအလှပင်များ ရရှိနိုင်ခြင်း၊ သစ်သီးပင်ကြီးဖြစ်ပါက အရိပ်ရခြင်း၊ ခြံစည်း ရိုးအပင်အဖြစ်အသုံးပြုနိုင်ခြင်း၊ ကိုယ်တိုင်စိုက်ပျိုးသည့် သီးနှံဖြစ်သောကြောင့် လုံခြုံစိတ်ချစွာ စားသုံးနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
အိမ်ခြံဥယျာဉ်၏ မျိုးစေ့အခန်းကဏ္ဍ
စပ်မျိုးဟင်းသီးဟင်းရွက်မျိုးစေ့များသည် မျိုးစေ့ခံ၍ ပြန်လည်အသုံးမပြုနိုင်သောကြောင့် မိမိဒေသတွင်းဖြစ်ထွန်းသည့် အကြမ်းခံသော သဘာဝဝတ်မှုန်ကူးသော မျိုးများကို အသုံးပြုသင့်ပါသည်။ မိမိဒေသမျိုးများ(မျိုးရင်းများ)အားလည်း ထိန်းသိမ်းရာရောက်ပါသည်။ ရေရှည်တည်တံ့သော ကျေးရွာ မျိုးစေ့စနစ်အတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။ ။


