နေပြည်တော်၊ မတ် ၉
ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် တစ်ဧကချင်း၏ ဆီထုတ်လုပ်နိုင်မှု မြင့်မားတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သော မျိုးမြှင့်တင်ခြင်းကို ပညာရှင်များနှင့် သုတေသီများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာနက ဦးဆောင်၍ ဆရာ၊ ဆရာမများ၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများက ဆင်းရွှေကြာ (၂) နေကြာမျိုးအား မျိုးမြှင့်တင်ခြင်းကို ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်သည်။
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၏ လက်တွေ့လေ့လာမှု အထောက်အကူပြု စိုက်ကွင်းတွင် စိုက်ပျိုးထားရှိသော ဆင်းရွှေကြာ (၂) နေကြာမျိုးအား မျိုးမြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးပြီး နေကြာမျိုး ရွေးချယ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများ၊ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားရာတွင် ပင်ခြားဝတ်မှုန်ကူးသော အပင်မျိုးဖြစ်သည့် နေကြာကို စပ်မျိုးထုတ်လုပ်ရန် ကောင်းမွန်သည့် ဗီဇအစုအဖွဲ့ ပါသော အခြေခံမျိုး (Base Population) ကို ဖန်တီးမွေးမြူရန် လိုအပ်မှုကို သတိပြုရန်နှင့် ယခုဖန်တီးမွေးမြူရာတွင် ကျင့်သုံးသည့် နေကြာပွင့်အရွယ်အစားကို တန်ဖိုးဖြတ်ရွေးချယ်ကာ နောက်သားဆက်အချင်းချင်း ပြန်လည်ဝတ်မှုန်ကူးစေခြင်း (Phenotypic Recurrent Mass Selection)နည်းဖြင့် လိုလားအပ်သော လက္ခဏာများကို လွှမ်းမိုး ထားသည့် ဗီဇများအား စုစည်းစေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် မျိုးဖြစ်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မျိုးစေ့ထုတ် လုပ်ငန်းများတွင် ပညာရှင်များ၊ သုတေသီများ၊ စိုက်ပျိုးသူ တောင်သူများ နှင့် ရောင်းဝယ်ဖောက်ကားသူများအားလုံး ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက် ကြမှသာ ပြည်ပမှ မျိုးစေ့တင်သွင်းအသုံးပြုရမှု ကို လျော့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက် ရှိသည့် စိုက်ပျိုးရေးပညာရှင်များကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်နှစ် (၁၀၀) ပြည့်ပြီဖြစ်ပြီး ရာပြည့်နှစ်မှ စတင်၍ထုတ်လုပ်မှု အထောက်အကူပြု သုတေသနများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
