နေပြည်တော် ဇန်နဝါရီ ၃
စိုက်ပျိုးရေးတက္ကသိုလ်၏ ၁၉၃၈-၂၀၂၃ ကာလအတွင်း ဘွဲ့ကြိုသင်တန်းများ သင်ကြားမှု သင်ယူမှုစနစ်နှင့် ဘာသာရပ်ဆိုင်ရာ သင်ရိုးများပြောင်းလဲလာမှုကို လေ့လာခြင်း စာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး က ၁၉၂၄ခုနှစ် ဒီဇင်ဘာ (၂၂)ရက်တွင် စတင်ထူထောင်ခဲ့သည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ စတင်၍ ရာပြည့်နှစ်သို့ စတင်ဝင်ရောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ တက္ကသိုလ် ရာပြည့်နှစ် အမှတ်တရအနေဖြင့် တက္ကသိုလ်၏ နှစ်တစ်ရာသက်တမ်းတွင် ခေတ်အလိုက် ဘွဲ့ကြိုသင်တန်းများ ၊ သင်ကြားမှု သင်ယူမှုစနစ်နှင့် ဘာသာရပ်ဆိုင်ရာသင်ရိုးများ ပြောင်းလဲလာပုံကို ပြန်လည်လေ့လာ သုံးသပ်ခြင်းမှာ အလွန်အရေးကြီးသည့် လုပ်ငန်းရပ်ဖြစ်ပါကြောင်းနှင့် ရရှိလာမည့် သင်ခန်းစာများကို အခြေခံ၍ ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လယ်ယာကဏ္ဍကို ရရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း တက္ကသိုလ်၏ ရာပြည့်နှစ် အခမ်းအနားကို ၂၀၂၄ခုနှစ် ဒီဇင်ဘာ(၂၂)ရက်တွင် ကျင်းပမည်ဖြစ်ရာ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကော်မတီအသီးသီးတို့က ဆောင်ရွက်ထားရှိမှု အခြေအနေများကို အချိန်နှင့် တပြေးညီ တင်ပြ၍ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးတက္ကသိုလ်၏ ၁၉၃၈-၂၀၂၃ ကာလအတွင်း ဘွဲ့ကြိုသင်တန်းများ သင်ကြားမှုသင်ယူမှုစနစ်နှင့် ဘာသာရပ်ဆိုင်ရာ သင်ရိုးများ ပြောင်းလဲလာမှုကို လေ့လာခြင်းစာတမ်းကို ပါမောက္ခဒေါက်တာရာဇာဟိန်း က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရှိအခြေခံပညာရေးစနစ်သစ်အရ (KG+12) သင်ယူ အောင်မြင်လာသည့် ကျောင်းသားကျောင်းသူများကို စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်းများ လက်ခံသင်ကြားရန်အတွက် လက်ရှိသင်ရိုးများကို ပြန်လည် ချိန်ညှိရန်လိုအပ်ကြောင်း ၊ လက်ရှိနိုင်ငံတော်လိုအပ်ချက်နှင့် မူဝါဒများအရ သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်များကို ပြင်ဆင်ရေးဆွဲ တည်းဖြတ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်