နေပြည်တော်၊ ဇွန် ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ စာသင်နှစ်အလိုက် သင်ကြားသင်ယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
တက္ကသိုလ်အသီးသီးရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လက်ရှိသင်ကြား သင်ယူမှုများကို နည်းပညာ အသိပညာတိုးတက်ရေးအတွက် လေ့လာမှုအဖြစ်ခံယူပြီး မိမိတို့တစ်ဦး ချင်းစီ၏ အရည်အသွေး တောက်ပစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာမှုနှင့် အတွေ့အကြုံကောင်း များရရှိရေးကို မိမိတို့ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ အချိန်နှင့်အမျှ တိုးတက်နေသည့် နည်းပညာများကို ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ကြစေရေးအတွက် ကျောင်းပရဝုဏ်အတွင်း ဝိုင်ဖိုင်များထုတ်လွှင့်ပေးထားပြီး စာကြည့်တိုက်များနှင့် ချိတ်ဆက် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားမှုအပေါ် အကျိုးရှိစွာ အသုံးပြုပြီး လေ့လာကြိုးစားကြစေ လိုကြောင်း၊ အလားတူ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့တက္ကသိုလ်နယ်မြေကို စံပြလူမှုဝန်းကျင်ကောင်း အဖြစ် ဖော်ဆောင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်တစ်ကျောင်းလျှင် ငါးပိဿာချိန်(၂၀)နှင့် ကြက်ဥအလုံး (၂၀၀၀) တို့ကို ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)