မုံရွာ  ၂၈  ဇူလိုင်

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင် အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း စနစ်ကျလယ်ယာမြေ (၉၀၄.၈၂)ဧကအား ဖော်ထုတ်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင် ထံမှ သိရသည်။

           

“ စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်တဲ့နေရာမှာ စက်မှု လယ်ယာ ဦးစီးဌာနက အကောင်အထည်ဖော်ရတဲ့ စနစ်ကျလယ်ယာဖော်ထုတ်ရေးမှာ အခုဘဏ္ဍာနှစ်အတွင်း ဧက (၉၀၀)ကျော်ကို ဖော်ထုတ်ပေးတာဖြစ်ပါတယ်၊ လာမဲ့ဘဏ္ဍာရေးနှစ်တွေမှာလည်း ဆက်ပြီးဖော်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်၊ စုစုပေါင်းဧက(၅၀၀၀)ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင် က ပြောသည်။

           

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းအရ သဖန်းဆိပ်ဆည် ရေသောက်ဧရိယာအတွင်း ပါဝင်သော ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ် မြင်းချင်းကုန်းကျေးရွာတွင် (၂၈၀.၈၆) ဧက အားလည်းကောင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ရွာတော်ကုန်းကျေးရွာတွင် (၃၁၅.၀၉)ဧက အားလည်းကောင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာရှည်ကျေးရွာတွင် (၁၂၅.၉၁)ဧကနှင့် ကြခတ်ကျေးရွာတွင် (၁၈၂.၉၆)ဧကအား လည်းကောင်း၊ စနစ်ကျလယ်ယာမြေ စုစုပေါင်း(၉၀၄.၈၂)ဧကအား ဖော်ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင်း (၅၇၅)ဧကအား ဖော်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း  သိရသည်။

                                                                                                                

ဝင်းဦး(ဇေယျာတိုင်း)