နေပြည်တော် အောက်တိုဘာ ၂၉ 

၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးအထွက်တိုးစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အာဟာရပြည့် ရွက်ဖျန်းအားဆေး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ‌ဂွေပင်စံပြကျေးရွာ၌ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံက ဒေသ၏ ဝါတိုးချဲ့စိုက်ပျိုးထားရှိမှုနှင့် နည်းပညာပေးဆောင်ရွက်နေမှု၊ Glorious Morning Star Co.,Ltd တာဝန်ခံက ဝါစိုက်တောင်သူများထံ ရွက်ဖျန်းအားဆေးနှင့် လိုအပ်ချက်များပံ့ပိုးနေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူ၊ ပုဂ္ဂလိကနှင့် ဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခေတ်မီနည်းပညာများ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများအတွက် ရွက်ဖျန်းအားဆေးများ ထောက်ပံ့ ပေးအပ်သည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ပေတောကျေးရွာ Pay Taw Layer Farm Project ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး  ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော မွေးမြူထုတ် လုပ်မှုဖြစ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးအကျိုးအမြတ် တွက်ချက်မှုပါဝင်သည့် နည်းပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးတောင်သူများအား လက်တွဲအားပေးကူညီရေးတို့ကို ဆွေးနွေး မှာကြားသည်။

ယင်းနောက်  ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာ တောင် သူဦးလှစိုး ၏ ဆောင်းနေကြာမျိုးစေ့ ထုတ်စံပြကွက်နှင့် တောင်သူဦးမြင့်သိန်း၏ မိုးနှောင်းချည် မျှင်ရှည်ဝါ စိုက်ခင်းတို့ကို  ကြည့်ရှုအားပေးပြီး စိုက်ပျိုးမြေရှိ အပင်အာဟာရဓာတ်ပါဝင်မှုနှင့် စိုက်ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ်မှုအပေါ်အခြေခံ၍ သွင်းအားစုအချိုးအစားမှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ အထွက်နှုန်းမြင့်မားရေးနှင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်