နေပြည်တော် အောက်တိုဘာ ၁၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး သည်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့်အတူ ယနေ့နံနက်ပိုင်းက  တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက္ကားဈေးသစ်ကြီး၊ ရွှေပိတောက်ငါးဈေးနှင့် သီရိမင်္ဂလာ ဟင်းသီးဟင်းရွက် ဈေးများတွင် လက်လီလက်ကား ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စားသုံးသူ​များအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံ နှင့် သားငါးများ လတ်လတ် ဆပ်ဆပ်စား​သုံးနိုင်ကြစေရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ​များအတွက် ​စျေးကွက်ရရှိရန်၊ မှန်ကန်သည့် စျေးနှုန်းရရှိရန် လက္ကား​စျေးများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ လူဦး​ရေ ၇ ဒသမ ၈ သန်းရှိ​သော ရန်ကုန်မြို့ကဲ့သို့ လူဦး​ရေထူထပ်သည့် မြို့ကြီး​များ၌ လက္ကား​စျေးများ  မရှိမဖြစ် လိုအပ်ပါ​ကြောင်း၊ တစ်ချိန်တည်းတွင် လက်ကား​စျေးသို့​ ရောက်ရှိလာသော ကုန်စည်များ၌ ဓါတုဗေဒပစ္စည်း ဓါတ်ကြွင်းများ မကျန်ရှိ​စေ​ရေး ၊ စားသုံးသူများ အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် စစ်​ဆေးကြပ်မတ်ခြင်းကိုလည်း ဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ သက်ဆိုင်ရာ ဆက်စပ်ဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း  ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များကို  ဆွေးနွေး ပြောကြားသည်။

ရန်ကုန်မြို့တော်အတွင်းရှိဈေးများ ယခုထက်ပိုမို စနစ်ကျနစေရေး၊ ခေတ်မီအအေးခန်း များ မြှင့်တင်တည်ဆောက်ရေး၊ တန်ဖိုးမြင့်အစားအသောက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်ပပို့ကုန် ပြုပြင်ထုပ်ပိုး သိုလှောင်ခြင်း လုပ်ငန်းများတိုးချဲ့ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဈေးအုပ်ချုပ်ရေးရုံးများနှင့် ဈေးရုံဆိုင်ခန်းများသို့ ရောက်ရှိစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထုတ်လုပ်သူ​များအတွက် လက်က္ကား​စျေးများ၏ နေ့စဉ် စျေးကွက်သတင်းအချက်အလက် Market Information များ အချိန်နှင့်တ​ပြေးညီ တိကျမှန်ကန်စွာ ရရှိနိုင်မှသာ သီးနှံ​အမျိုးအစားနှင့် ထုတ်လုပ်ရမည့် ပမာဏကို ချိန်ဆဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ သို့မှသာ ဈေးကွက်လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း လေလွင့်ဆုံးရှုံးမှုမရှိ ထုတ်လုပ်နိုင်မည်ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူ၊ ပြုပြင်ထုပ်ပိုး သိုလှောင်ရောင်းချသူများနှင့် စားသုံးသူများအားလုံးအတွက် ပိုမိုအကျိုးရှိနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)