အောင်လံ၊ ၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (CFAVC) ရန်ပုံငွေဖြင့် စိုက်ပျိုးမြေဧက ၈၀၀ ကျော်အကျိုးပြုမည့် အောင်လံမြို့နယ်၊ သံချိတ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်မှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စာနပ်ရိက္ခာဖူလုံရေး အစီစဉ် (GAFSP)တို့နှင့် ပူးပေါင်း၍ ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း (CFAVC) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၃ ဒသမ ၄၇၂ သန်းဖြင့် သံချိတ်ကျေးရွာကုန်ထုတ်လမ်း အရှည် နှစ်မိုင် အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert လေးစင်း၊ အရှည်ပေ ၅၀ အကျယ် ၁၈ ပေရှိ ရေကျော် တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် မုဒုံမောင်မောင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ပြောပြ၍ သိရသည်။
အဆိုပါ သံချိတ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နိုင်မှုကြောင့် အဆိုပါ ကျေးရွာရှိ အိမ်ခြေ (၁၉၇)၊ လူဦးရေ (၇၇၁) ဦးတို့၏ စိုက်ပျိုးမြေဧက ၈၈၇ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါစိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင် နိုင်တော့မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


