မြင်းမူ  ၁၇  မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းမူမြို့နယ် စိုင်မြစ်ကျေးရွာရှိ မီးဘေးသင့် ကျေးရွာသူ ကျေးသားများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာများကို စစ်ကိုင်းမြို့ အနာဂတ်ရောင်ခြည် IBEC အသင်းမှ ယနေ့တွင် လာရောက်လှူဒါန်းသွားကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မီးဘေးသင့်ခဲ့သော မြင်းမူမြို့နယ် စိုင်မြစ်ကျေးရွာရှိ အိမ်ခြေပေါင်း (၄၉)အိမ်မှ အိမ်ထောင်စု ပေါင်း (၅၂)စုတို့အား တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီတစ်ဘူး၊ ဆားတစ်ပိဿာ၊ ကြက်ဥ (၁၀)လုံးတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။


 
IBEC အနာဂတ်ရောင်ခြည်အသင်းကြီး၏ အဖွဲ့ဝင်များကိုယ်တိုင် မီးဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ IBEC ဆရာတော်က " ယခုလိုပြုလုပ်ဆောင်ရွက်ရခြင်းက အနာဂတ်ရောင်ခြည် IBEC အသင်းအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးသာမက ကျန်သည့်လူမှုအခက်အခဲများ၊ သဘာဝဘေးအန္တရာယ် များပါမကျန် ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ကြောင်း” မိန့်ကြားသည်။

 

အနာဂတ်ရောင်ခြည် IBEC အသင်းအား စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် မဟာသဒ္ဓမ္မဇောတိကဓဇ IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ၊ စားဝတ်နေရေးအတွက် ဆန်လှူဒါန်းမှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လျက်ရှိသော နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ လှူဒါန်းကူညီပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)