မန္တလေး ၈ ဒီဇင်ဘာ
စက်ဘီးအသုံးပြုသည့် ဓာတ်ပုံများအား အဓိကထားပြသသည့် “ဘာလင်ကိုလွမ်းတယ်၊ မန္တလေးကိုချစ်တယ်” တစ်ကိုယ်တော်ဓာတ်ပုံပြပွဲကို မန္တလေးမြို့ မိုးဝေကျော်ကဖေးတွင် ယနေ့ပြသခဲ့သည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ကို သွားသွားရောက်ခဲ့စဥ် ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ မန္တလေးမြို့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။ “အဓိကရည်ရွယ်တာက စက်ဘီးစီးသူတွေဟာ နိမ့်ကျတာမဟုတ်ပါဘူး။ စက်ဘီးတွေဟာ တချိန်က ကျွန်တော်တို့သွားလာရေးအတွက် အထောက်အကူပြုခဲ့ကြတယ်။ ယခုအချိန်ထိလည်း စက်ဘီးကို အသုံးပြုနေကြသူတွေ ရှိပါတယ်။ စက်ဘီးဟာ သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေဘူး၊ ကျန်းမာရေးအတွက် အသုံးဝင်တယ်ဆိုတာကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပါတယ်"ဟု တစ်ကိုယ်တော် ဓာတ်ပုံပြပွဲကိုကျင်းပသည့် ကိုစက်ထွန်းကပြောသည်။
“ဘာလင်ကိုလွမ်းတယ်၊ မန္တလေးကိုချစ်တယ်” အမည်ဖြင့် တစ်ကိုယ်တော်ဓာတ်ပုံပြပွဲကို ဒုတိယအကြိမ်မြောက် ပြသခြင်းဖြစ်ပြီး ဓာတ်ပုံပေါင်း ၃၂ ပုံ ပါဝင်ပြသခဲ့သည်။ မန္တလေးမြို့၊ ဦးပိန်တံတားနှင့် ရန်ကုန်မြို့တို့တွင် ဆက်လက်ပြသရန် စီစဥ်နေကြောင်း သိရသည်။
ဝိုင်