မော်လမြိုင်  ၉ နိုဝင်ဘာ

 

နိုင်ငံတော်အစိုးရက တရားဝင် သတ်မှတ်ပေးထားသော သီတင်းကျွတ် ရုံးပိတ်ရက်များကဲ့သို့ပင် တန်ဆောင်တိုင် ရုံးပိတ်ရက်များတွင်လည်း ပုံမှန်ပိတ်ရက်များနှင့် ဆက်သွားသဖြင့် မွန်ပြည်နယ် စက်စဲကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။

 

အခြားဌာနများနည်းတူ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးချုပ်၊ သတင်းစဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတိုက်တို့မှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုအဖွဲ့များသည် တန်ဆောင်တိုင်  ရုံးပိတ်ရက်တွင် ဌာန၏ အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်၏ ပထမဆုံးအကြိမ် ဘုရားဖူးခရီးစဉ်ကို ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင် ကျိုက္ခမီ စက်စဲကမ်းခြေနှင့် အနီးဝန်းကျင် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ် အပန်းဖြေကြသည်။

 

စက်စဲကမ်းခြေတွင် လာရောက်လည်ပတ်သူများသည် ရေကစားရင်းဖြင့် အုန်းရည်သောက်ခြင်း၊ ပင်လယ် အစားစာများ စားသောက်ခြင်း၊  စက်ဘီးစီးခြင်း၊ အပျော်စီးစပိဘုတ်စီးခြင်းတို့ဖြင့် အနားယူ ပန်းဖြေ ကြသည်ကို တွေ့ရသည်။

 

"ပိတ်ရက်လည်းဖြစ်ပြီး ရာသီဥတုကလည်း သာယာနေတော့ ခရီးသွားတွေ အတော်များနေပါတယ်။ စက်စဲကမ်းခြေက ခရီးသွားတွေ ညအိပ်လည်း လာကြတာများတယ်။ ခရီးလမ်းပန်းကလည်း ချောမွေ့လို့ တစ်နိုင်ငံလုံးက ခရီးသွားတွေ သဘောကျတယ်။ အခန်းတစ်ခန်းကို လူငါးယောက်ကနေ ဆယ်ယောက်အထိ တည်းခိုနိုင်ပြီး တည်းခိုခန်းခ ဈေးကလည်း နှစ်သောင်းက သုံးသောင်းဝန်းကျင်ပဲ ရှိပါတယ်" ဟု လာရောက်လည်ပတ်ကြသူများထံမှ  သိရသည်။

 

မိသားစုနှင့်အတူ လာရောက်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ကိုဖြိုးက ကျောင်းပိတ်ရက် လည်းဖြစ်တော့ ကလေးတွေကို လိုက်ပို့ရင်း ဒီစက်စဲကမ်းခြေကို လာဖြစ်တာပါ။ ကမ်းခြေကို လာလည်တာမို့ ကလေးတွေနဲ့အတူ ရေကစားဖြစ်တယ်။ ပင်လယ်စာတွေ စားတယ်၊  ပျော်စရာ ကောင်းပါတယ် ဟု ပြောသည်။

 

တင်မောင်လွင် (မြန်မာ့အလင်း)

 

FB_IM