နေပြည်တော် ဖေဖော်ဝါရီ ၂၃
စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင် စတင်လက်ခံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းများ၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေအကျိုးဆောင်များမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အာဏာတည်ခဲ့သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေများအရ အဆိုပါမူပိုင်ခွင့်များ၏ လျှောက်ထားခြင်းများကို တရားဝင်စတင်လက်ခံသည့် အခမ်းအနားဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် တွင်တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အာဏာတည်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းတို့အတွက် မူပိုင်ခွင့် လျှောက်ထားချက်များလက်ခံခြင်းကို အီလက်ထရောနစ်စနစ်အပြင် လျှောက်လွှာလက်ခံဌာနများတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှောက်လွှာလက်ခံဌာနများကိုလည်း နေပြည်တော်၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)၊ အထက်မြန်မာပြည် ရုံးခွဲ(မန္တလေး) တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှှိကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားချက်များကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက မူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်ခြင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်စနစ် (WIPO File,CR File)များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်