မန္တလေး ၂၆ မေ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စက်မှုဇုန် ရေဆိုးသန့်စင်တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၈-၁၉ ဘဏ္ဍာငွေ ဖြတ်တောက်သင့်ကြောင်း အခုလ ၂၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
စက်မှုဇုန် ရေဆိုးသန့်စင်တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ဘဏ္ဍာငွေ ဖြတ်တောက်သင့်ကြောင်း ချမ်းမြသာစည်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားကို မဲခွဲဆုံးဖြတ်သည်။ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၄၀ ၊ ကန့်ကွက် ၁၆ မဲ ၊ ကြားနေ ၈ မဲ တို့ဖြင့် ဦးတင်အောင်၏ ဆွေးနွေးချက် အတည်ပြုခဲ့သည်။
“စည်ပင်ကတင်တဲ့ ကိစ္စတွေဟာ မူဝါဒအရ လက်ခံလို့ လောလောဆယ် မရသေးတဲ့အတွက် အခုလို တင်ပြရခြင်းဖြစ်ပါတယ်။ စက်မှုဇုန်က ထွက်ရှိမယ့် ရေဆိုးပစ်လုပ်ငန်းတွေ သန့်စင်နိုင်ဖို့အတွက် ဆောက်လုပ်မယ့်လုပ်ငန်းတွေဟာ မူသဘောအရ ၊ လုပ်ငန်းသဘောအရ ဘယ်လောက်ရှိတယ်ဆိုတာ မသိလို့ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ လုပ်ငန်းကိုဖြတ်တောက်တာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ Smart ကျကျ တင်ပြဖို့တော့ လိုအပ်တယ်လို့မြင်ပါတယ်။ အဲလိုမဖြစ်တာကို ဖြတ်တောက်ရခြင်းဖြစ်ပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ဆွေးနွေးခဲ့သည်။
ဌာနဆိုင်ရာအသီးသီးမှာ ဘဏ္ဍာငွေတောင်းခံရာတွင် ပြည်သူ့ငွေတွေကို ခွင့်ပြုရာမှာ Smart ဖြစ်စေလိုကြောင်း ၊ မဖြတ်သင့်တာကို ဖြတ်လိုက်ပါက ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နိုင်သလို၊ ဖြတ်သင့်တာ မဖြတ်လိုက်ပါက ပြည်သူ့ငွေများ ဆုံးရှုံးသွားနိုင်ကြောင်း တင်ပြခဲ့သည်။
“စီမံကိန်းတစ်ခုကို လိုအပ်လို့ ငွေပေးတဲ့အခါ စီမံကိန်းရဲ့ သဘောသဘာဝကို သိပြီးတော့ နားလည်မှတ်သားမလား ၊ ဒါမှမဟုတ် ငွေပေးပြီးမှ စီမံကိန်းကို သွားကြည့်မလား စဉ်းစားသင့်တယ်လို့ ထင်ပါတယ်” ဟု ဦးတင်အောင်က ပြောသည်။
စက်မှုဇုန် ရေဆိုးသန့်စင်ရေးအတွက် ဘဏ္ဍာငွေဖြတ်တောက်ရန် ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “အင်မတန်မှန်တဲ့ ကိစ္စပါ။ ဘယ်ဘတ်ဂျက်ပဲဆွဲဆွဲ Master Plan ၊ Action Plan တွေ ရှိဖို့လိုပါတယ်။ မရှိတဲ့အခါ တချို့နေရာတွေမှာ လစ်ဟာမှုတွေ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။
ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနှင့် ပြင်ဦးလွင်ရထားလမ်းအနီး ရေဆိုးထုတ်ကန်တွင် ရေဆိုးစုကန် တပ်ဆင်ခြင်း ၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ အာစီတစ်ထပ် ရေစက်နှင့် စက်မောင်းအိမ် တည်ဆောက်ခြင်း ၊ ပိုက်များသွယ်တန်းခြင်း ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းမှာ အဆိုပါနေရာတွင် ရေလျှံမှုမဖြစ်ပေါ်စေရန် ပရံတော်ချောင်းအတွင်း ဖွင့်ထုတ်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ပြည်ကြီးတံခွန်မြို့နယ် ဇောင်းကလောအနီး ရေဆိုးထုတ်စက်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားချက်မှာ မိုးရာသီအတွင်း မန္တလေးမြို့ အရှေ့ဘက်ရပ်ကွက်များ ရေဝင်ရောက်မှုမရှိစေရန် မိုးရေနှင့် ရေဆိုးများကို စွန့်ပစ်ရန်အတွက် ဆောင်ရွက်ရန်ဖြစ်သည်။
အိမို့မို့ခိုင်