နေပြည်တော်၊ နိုဝင်ဘာ ၁၂
အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင်(၁)နှစ် သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ လည်းကောင်း၊ အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်းအမှတ် စဉ်(၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌လည်းကောင်း ကျင်းပသည်။
သင်တန်းဆင်းပွဲများတွင် မကွေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ အိန္ဒိယနိုင်ငံကောင်စစ် ဝန်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်တို့က သင်တန်းသားတစ်ဦးချင်းစီကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
ထို့ပြင် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ)မှ Machine Tools Operator ဘာသာရပ် ထူးချွန်ဆုရ မချိုချိုလွင်၊ Welder & Sheet Metal ဘာသာရပ် ထူးချွန်ဆုရ မောင်ဘုန်းမြတ်ကျော်၊ Tool & Die ဘာသာရပ် ထူးချွန်ဆုရ မမေမြတ်နိုးသွယ်၊ Industrial Electrician ဘာသာရပ် ထူးချွန်ဆုရ မောင်ကောင်းခန့်နိုင် တို့ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သင်တန်းရက်မှန်ဆုရ မောင်ဖြိုးဇော်နှင့် စံပြ သင်တန်းသားထူးချွန်ဆုရ မောင်ကောင်းခန့်နိုင် တို့ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)မှ Electricity & Electronics ဘာသာရပ် ထူးချွန်ဆုရ မအိရတနာကျော်၊ Transmission & Chassis ဘာသာရပ် ထူးချွန်ဆုရ မောင်သက်ပိုင်စိုး၊ Body Repair & Painting ဘာသာရပ် ထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုး၊ Engine Maintenance ဘာသာရပ် ထူးချွန်ဆုရ မောင်ပြည့်စုံထွန်း၊ CAD/CAM ဘာသာရပ် ထူးချွန်ဆုရ မနွေးနွေးသက် တို့ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက သင်တန်းရက်မှန်ဆုရ မောင်မျိုးသက်ဝေနှင့် စံပြသင်တန်းသားထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုး တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/ သင်တန်းသူ များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည် သင်တန်းသား/သင်တန်းသူများ လက်တွေ့ပြုလုပ် ထားသည့် သင်တန်းဆင်း Project များကို လှည့်လည်အားပေးကြည့်ရှု၍ သင်တန်းဆင်း Project ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့် သည်။
စက်မှုကျွမ်းကျင် (၁)နှစ် သင်တန်းအမှတ်စဉ်(၇)သင်တန်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်၍ Machine, Welding, Foundry, Tool & Die, CNC, Electrical, Electronics ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ကာ သင်တန်းသား(၆၄)ဦး၊ သင်တန်းသူ(၂၄)ဦး၊ စုစုပေါင်း(၈၈)ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီး စက်မှုကျွမ်းကျင် (၁)နှစ် သင်တန်းအမှတ်စဉ် (၁၀) သင်တန်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်၍ Automobile Maintenance နှင့် CAD/CAN ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၁၁၇)ဦး၊ သင်တန်းသူ(၁၆)ဦး၊ စုစုပေါင်း (၁၃၃)ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။
စက်မှုဝန်ကြီးဌာနတွင် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် စက်မှုသင်တန်း ကျောင်း(၆)ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်စက်မှု ကျွမ်းကျင်လုပ်သား(၁၀၀၀) ကျော်ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မုံရွာမြို့နှင့် သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းများ ထပ်မံဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိပြီး စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့်အသက်မွေးပညာဘာသာရပ် (၁၆)မျိုးကို လေ့ကျင့် သင်ကြားပေးလျက်ရှိကာ စက်မှုသင်တန်းကျောင်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၏ လိုအပ်ချက် အပေါ်မူတည်၍ သံဂဟေ/ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လယ်ယာသုံး အင်ဂျင် အမျိုးမျိုးနှင့် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း စသည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဒေသ အရောက် သွားရောက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)