နေပြည်တော် နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်း စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အင်းရွာရှိ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၃၄) အကြီးစားစက်ရုံဝင်းအတွင်း ကြွေပြားထုတ်စက်ရုံသို့ ကြည့်ရှုရာ တာဝန်ရှိသူများက ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်အား စက်ရုံအတွင်း လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄) အကြီးစားစက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ် က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ Volunteer နှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး လုပ်ငန်းအတွက် မြေဆီလွှာများ ဓာတ်ခွဲစမ်းသပ်နိုင်ရေး၊ သဘာဝ မြေဩဇာ အသုံးပြု နိုင်ရေး၊ နွေစပါးစိုက်ပျိုးရေးအတွက် လိုအပ်သော ရေထိန်းတံခါး နှစ်ခုနှင့် ကျေးလက်လမ်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ သီဟက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အကြံပြုပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၃၉ မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွားလမ်းပေါ်၌ လုံခြုံရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


