လပွတ္တာ ၃၀ စက်တင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး ကွပ်ကဲမှုအောက်ရှိ လပွတ္တာမြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်း၏ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၄)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၉)၊ဂဟေသင်တန်းအမှတ်စဉ်(၉)၊ နှင့်လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်မှ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
အခမ်းအနားသို့ တက်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်တို့မှ သင်တန်းထူးချွန်ဆု များကို ပေးအပ်ချီးမြှင့်ရာ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့မှ သင်တန်းထူးချွန်ဆုရရှိသူများကို သက်ဆိုင်ရာသင်တန်းအလိုက် လက်သုံးစက်ကိရိယာများချီးမြှင့်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးရုံး(ပုသိမ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဦးမှ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။
သင်တန်းတွင် လူငယ်များကို ကျောင်းအိပ်ကျောင်းစား စရိတ်ငြိမ်းဖြင့် သင်ကြားပေး လျက်ရှိကြောင်း၊ သင်ထောက်ကူပစ္စည်း အစုံအလင်ထောက်ပံ့ပေးပြီး စာတွေ့/လက်တွေ့ သင်ကြား ပေးလျက်ရှိကြောင်း သင်တန်းပြီးဆုံးပါက အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများက သင်တန်းသားများ၏ လက်တွေ့ ပြုလုပ်နေမှုများ၊ သင်ထောက်ကူစက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှု ကြသည်။
အဆိုပါ သင်တန်းတွင် မော်တော်ယာဉ်စက်ပြင်သင်တန်းသား(၂၆)ဦး ၊ လျှပ်စစ်သင်တန်းသား (၁၃)ဦး၊ ဂဟေသင်တန်းသား(၁၀)ဦး၊ နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းသား(၁၁)ဦး ၊ စုစုပေါင်း (၆၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလ(၂၂)ပတ် ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲကို လပွတ္တာခရိုင်၊ မြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


