နေပြည်တော် ဧပြီ ၃၀
သံ၊ သံမဏိပစ္စည်းများ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချဖြန့်ဖြူးခြင်း တို့နှင့်ပတ်သက်၍ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ် သူများအသင်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ သံ၊ သံမဏိထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ သံ၊ သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ၊ သံ၊ သံမဏိများ၊ အုတ်များ၊ အမိုး၊ အမိုးပြားများ၊ အထပ်သားများ ထုတ်လုပ်လျက်ရှိသည့် စက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့် တည်ဆောက်ရေးလုပ်ငန်းသုံး ထုတ်ကုန်ပစ္စည်းများသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သွင်းအားစု များဖြစ်၍ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပမှ တင်သွင်းလာသည့် သံ၊ သံမဏိများ၏ အရည်အသွေးများကို စစ်ဆေးနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်၊ နည်းပညာကျွမ်းကျင်သူ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ထုတ်လုပ်သူများကို ဖိတ်ခေါ်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးညှိနှိုင်း သွားမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ကုန် ပစ္စည်းများ၏ အရည်အသွေးပြည့်ဝရေးသည် အရေးတကြီးလိုအပ်လျက်ရှိကြောင်း၊ ယနေ့အချိန်တွင် ထုတ်ကုန်ပစ္စည်း များနှင့်ပတ်သက်၍ လိုအပ်သည့်အရည်အသွေး၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ဆင်ရမည့်အချက်များကို ဆွေးနွေးပေးစေလိုကြောင်း၊ ပြည်တွင်း သံ၊ သံမဏိ လိုအပ်ချက်များကိုလည်း ဈေးကွက်သုတေသနပြုလုပ်ရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ကဏ္ဍ အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပေးကြရန်နှင့် ကောင်းမွန်သည့် ရလဒ်များရရှိမည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သူများသည် အရည်အသွေးပြည့်မီ သည့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ သုံးစွဲသူများသည် အရည်အသွေးပြည့်မီသည့်ပစ္စည်းများ အသုံးပြုရေးတို့နှင့် ပတ်သက်၍ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ထားသည့် သံ၊ သံမဏိထုတ်လုပ်မှု လုပ်ငန်းများ၏ ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ၊ သံ၊ သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများ၊ သံ၊ သံမဏိ စံချိန်စံညွှန်း များအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ်ရေး၊ ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် သံ၊ သံမဏိများအား အရည် အသွေးစစ်ဆေးရေး၊ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးရမည့် ကိစ္စရပ်များ၊ သံ၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီး ဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်