ဇလွန်  ၈  မတ်

စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၅၀ ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ်ကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပတ်တန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၀၇)နှင့် (၁၆၀၈)တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး လှကျော်နှင့် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းတို့က စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၅၀ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းသည် လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းခြင်း၊ တောင်သူများအကျိုးရှိ ဝင်ငွေတိုးစေခြင်း၊ ရေသွင်းရေထုတ် ကောင်းမွန်စေခြင်း၊ လယ်ယာထုတ်ကုန်လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေခြင်း၊ သီးနှံများအထွက်တိုးစေခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေခြင်း စသည့် အကျိုးကျေးဇူးကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က စနစ်တကျလယ်မြေ ၁၅၀ ဧကအား ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက ခင်းကျင်းပြသထားသော ပြခန်းများနှင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၅၀ ဧက ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုများကို တာဝန်ရှိသူများက ကြည့်ရှုခဲ့သည်။

အဆိုပါ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၅၀ ဧကအား စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)