နေပြည်တော်၊ ဇန်နဝါရီ ၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စက်မှုလယ်ယာသင်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တိုင်းဒေသကြီး ပြည်နယ်များရှိ လုပ်ငန်းခွင် အသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာရှိများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရေး၊ ခေတ်နှင့်အညီ နည်းပညာမြင့် လယ်ယာသုံးစက်ကိရိယာများကို သုံးစွဲလာစေရေး စည်းရုံးဆောင်ရွက်ရန်နှင့် လက်တွေ့ လုပ်ငန်းခွင်တွင် တွေ့ကြုံနေရသော အားသာချက်၊ အားနည်းချက်များကို အဖြေရှာ ပြုပြင်ဆောင်ရွက်နိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဇန်နဝါရီ (၈) ရက်မှ (၁၉) ရက်အထိ ဖွင့်လှစ်ပို့ချသွားမည့် အဆိုပါသင်တန်းတွင် ခရိုင်ဦးစီးဌာနမှူး၊ အလတ်စား စက်ပြင်အလုပ်ရုံမှူးများအပါအဝင် စုစုပေါင်းသင်တန်းသား (၂၀) တို့ကို စက်မှုလယ်ယာစနစ် ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ နည်းပညာမြင့် စက်ကိရိယာများ၏ အသုံးဝင်မှုနှင့် အကျိုးကျေးဇူးများ၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေး ပို့ချဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်