ပဲခူး ဧပြီ ၅
ပဲခူး၊ တောင်ငူ၊ ပြည်မြို့တို့ရှိစက်မှုဇုန်များအတွင်း စက်မှုမြေများကို လုပ်ငန်း ဆောင်ရွက်ခြင်းမရှိဘဲ လက်ဝယ်ရယူထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အမြန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၄)ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပဲခူးတိုင်းဒေသကြီးအတွင်း အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာမရှိခြင်း၊ အလုပ်လုပ်ကိုင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ် ပေါကြွယ်ဝခြင်း၊ မြေနေရာပေါများခြင်း စသည့် အခြေအနေများကြောင့် စက်ရုံ/အလုပ်ရုံအချို့ ပဲခူး တိုင်းဒေသကြီးသို့ ပြောင်းရွေ့လာကြကြောင်း၊ အလားတူ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်အသစ်များက လုပ်ငန်းအသစ်တိုးချဲ့လုပ်ကိုင်ခြင်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံများ တည်ငြိမ်အေးချမ်း အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစက်မှုဇုန်များ ကြီးကြပ်ရေးကော်မတီဝင်များ က စက်မှုဇုန်များအလိုက် စက်ရုံ/အလုပ်ရုံများ လည်ပတ်နေမှုအခြေအနေများ၊ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းရန် စီစဉ်ထားရှိမှု၊ စက်ရုံ/အလုပ်ရုံများ တရားမဝင် လျှပ်စစ်မီးသုံးစွဲမှု မရှိစေရေးနှင့် စက်မှုစီးပွားဂရန် ဆက်လက်လျှောက်ထားနိုင် ရေးကိစ္စရပ်များအား အကြံပြုတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ၊ ပဲခူး-သနပ်ပင်လမ်းပေါ်ရှိ Myanmar Agro Eagle Co., Ltd ၏ သဘာဝမြေဩဇာထုတ်လုပ်သည့် တည်ဆောက် ဆဲ စက်ရုံသို့ သွားရောက်လေ့လာပြီး ကုန်ကြမ်း စဉ်ဆက်မပြတ်ရရှိစေရေးနှင့် တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)