ပဲခူး ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီ ၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပဲခူး၊ တောင်ငူ၊ ပြည်မြို့နယ်တို့တွင် စက်မှုဇုန်များ တည်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စက်မှုဇုန်များအတွင်း ကျူးကျော်ခြင်း၊ လမ်းများပျက်စီးနေခြင်း၊ အဝင်/အထွက် ဂိတ်များမရှိခြင်းတို့အား မိမိတို့အစိုးရအဖွဲ့ လက်ထက်တွင် စက်မှုဇုန်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စက်မှုဇုန်အတွင်း လမ်းဘေးဝဲယာ အရိပ်ရ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိပြီးလည်းဖြစ်ကြောင်း၊ စက်မှုမြေများအား လုပ်ငန်းဆောင်ရွက် ခြင်းမရှိဘဲ လက်ဝယ်ရယူထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန် ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် အလုပ်ရှင် အလုပ်သမားပြဿနာမရှိခြင်း၊ အလုပ် လုပ်ကိုင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝခြင်း၊ မြေနေရာပေါများခြင်း၊ ဒေသခံအလုပ် သမားများသည် မိမိတို့၏ အလုပ်အပေါ် သစ္စာရှိတန်ဖိုးထားခြင်းစသည့် အခြေအနေများကြောင့် စက်ရုံ/အလုပ်ရုံတချို့ ပြောင်းရွှေ့လာခြင်းနှင့်အတူ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်အသစ်များက လုပ်ငန်းအသစ် တိုးချဲ့လုပ်ကိုင်ခြင်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ လူစုလူဝေး အများဆုံး ဖြစ်သည့် စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်နေကြသော စက်ရုံအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်နှင့် လူဦးရေပြည့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံများ တည်ငြိမ်အေးချမ်း အောင်မြင်စွာ လည်ပတ်နိုင်ရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး စက်မှုဇုန်များ ကြီးကြပ်ရေးကော်မတီဝင်များက စက်မှုဇုန်များအလိုက် စက်ရုံ/အလုပ်ရုံများ လည်ပတ်နေမှုအခြေအနေများ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းရန် စီစဉ်ထားရှိမှု၊ စက်ရုံ/အလုပ်ရုံများ တရားမဝင် လျှပ်စစ်မီးသုံးစွဲမှု မရှိစေရေးနှင့် စက်မှုစီးပွားဂရန် ဆက်လက်လျှောက်ထားနိုင်ရေး ကိစ္စရပ်များအား အကြံပြုတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ၊ ပဲခူး-သနပ်ပင်လမ်းပေါ်ရှိ Myanmar Agro Eagle Co., Ltd ၏ သဘာဝမြေဩဇာ ထုတ်လုပ်သည့် တည်ဆောက်ဆဲစက်ရုံသို့ သွားရောက်ခဲ့ပြီး ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိစေရေးနှင့် တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး အသိပညာ ပေးဆောင်ရွက်သွားရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ သဘာဝမြေဩဇာအား ကြက်ချေး၊ နှမ်းဖတ်၊ ဝါကြိတ်ဖတ်၊ အရိုးမှုန့်၊ ကြံမြှုပ်ချေး၊ 
ဖွဲကြမ်း၊ ဂေါ်ဒန်ကျောက်မှုန့်၊ ဖွဲပြာနှင့် EMဘိုကာရှီတို့ဖြင့် ရောနှောပြုလုပ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)