နေပြည်တော် ဖေဖော်ဝါရီ ၆
စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် စက်မှုဖွံ့ဖြိုးရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ပေးခဲ့သည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန် ၁၆ ချက်အပေါ် ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကော်မရှင်၏ လုပ်ငန်းတာဝန်များ ပြီးမြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အချိန်ဇယားရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ အဓိကစွမ်းဆောင်နိုင်မှု တိုင်းတာခြင်း ညွှန်ကိန်းများ သတ်မှတ်ခြင်းနှင့် သတ်မှတ်ထားသည့် ညွှန်ကိန်းများအတိုင်း သုံးသပ်အကဲဖြတ်ခြင်းတို့ကို ကော်မရှင်အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဦးဆောင်စီမံ၍ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်သည့်ကိစ္စရပ်များ၊ ပြည်တွင်း၌ အသုံးများသည့် ကုန်ပစ္စည်းများ၊ ဒေသအလိုက် အောင်မြင်ပြီးဖြစ်သည့် ထုတ်ကုန်များကို ပြည်တွင်းတွင် စီးပွားရေးတွက်ချေကိုက်အောင် ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းစက်မှုလုပ်ငန်းရှင်များကို ပံ့ပိုးကူညီတွန်းအားပေး ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ၊ သွင်းကုန်အစားထိုး စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သွင်းအားစုများဖြစ်သည့် ကုန်ကြမ်း၊ စွမ်းအင်၊ ငွေကြေး၊ လူစွမ်းအား အရင်းအမြစ်၊ နည်းပညာ စသည့်တို့ကို အချိန်မီ လွယ်ကူလျှင်မြန်စွာရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အနေဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပြည်တွင်းသုံးစွဲမှုဖူလုံရေး၊ ပြည်ပသို့တင်ပို့နိုင်ရေး၊အရည် အသွေးမြင့်၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်၏ စက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်မှန်းချက်များထားရှိ ဆောင်ရွက်ရမည်ဖြစ်သဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ကော်မရှင်ဥက္ကဋ္ဌမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆက်လက်၍ စက်မှုဖွံ့ဖြိုးရေးကော်မရှင် အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်းများ ဖော်ဆောင်နိုင်မည့် စက်ရုံများအခြေအနေတို့ကို လည်းကောင်း၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ အခြေအနေတို့ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကော်မရှင်၏ လုပ်ငန်းတာဝန်များအပေါ် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်၏ လုပ်ငန်းတာဝန်များအပေါ် ဝန်ကြီးဌာနအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ခြင်း၊ အဓိကဆောင်ရွက်ရမည့် ညွှန်ကိန်းများသတ်မှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဦးတည်ရမည့် ရည်မှန်းချက်များ၊ ချမှတ်အကောင်အထည်ဖော်ရမည့် မဟာဗျူဟာများကို ကော်မရှင်အဖွဲ့ ဝင်များအကြား ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်