နေပြည်တော် စက်တင်ဘာ ၁၁
စက်မှုသင်တန်းကျောင်း (Industrial Training Center – ITC) များအား မြန်မာနိုင်ငံ အမျိုးသားအဆင့်ပညာရေး အရည်အသွေးမူဘောင်အဆင့်အတန်း သတ်မှတ်နိုင်ရေးနှင့် ရှေ့ဆက်လက်ပေါင်းစပ် ပညာသင်ကြားရန်အတွက် ချိတ်ဆက်ဖော်ဆောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီအတွင်း ရေးမှူး၊ နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအခါ စက်မှုသင်တန်းကျောင်းများတွင် အရည် အသွေးပြည့်ဝသည့် သင်တန်းသားများ မွေးထုတ်နိုင်ရန် Program Standards, Program Evaluation Manual, ITC Teacher Standard Quality Assurance Framework များကို ပြုစုရေးဆွဲ၍ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အရည်အ သွေးစီမံခန့်ခွဲမှုစနစ်ကိုလည်း ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံ အမျိုးသားအဆင့်ပညာရေး အရည်အသွေးမူဘောင်အဆင့်အတန်းရှိ သင်တန်းကျောင်းများအဖြစ် သတ်မှတ်ရေးနှင့် ရှေ့ ဆက်လက်ဆောင်ရွက်နိုင်မည့်လမ်းကြောင်း ချိတ်ဆက်ဖော်ဆောင်ရေးအတွက် ယခုအလုပ် ရုံဆွေးနွေးပွဲမှ တွေ့ရှိချက်များဖော်ထုတ်၍ ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများကို မြန်မာ နိုင်ငံအမျိုးသားအဆင့်ပညာရေး အရည်အသွေးမူဘောင်အဆင့်အတန်း သတ်မှတ်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည့်လမ်းကြောင်း ချိတ်ဆက်ရာတွင် လိုအပ်သောအပိုင်းများ ဖော်ထုတ်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းနှင့် ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် အကြံပြုဆွေးနွေးပေးစေလိုကြောင်း။
အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ဆွေးနွေးဆုံးဖြတ်ချက်များနှင့် အကြံပြုဆွေး နွေးချက်များ၊ ရလဒ်များသည် စက်မှုသင်တန်းကျောင်းများ၏ ရှေ့ဆက်သွားရမည့်အ ကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် များစွာအကျိုးပြုပြီး TVET ကဏ္ဍမြှင့် တင်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆက်စပ်ဝန် ကြီးဌာနများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကျိုးရှိမည်သာမက နိုင်ငံတွင်း၊ ဒေသတွင်းမှ သည် နိုင်ငံတကာအဆင့်ထိ TVET ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ကောင်းစွာချိတ်ဆက် ဆောင် ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမျိုးသားပညာရေး အဆင့်အတန်း နှင့် အရည်အသွေးအာမခံမှုကော်မတီ အတွင်းရေးမှူးက မြန်မာနိုင်ငံပညာရေး အဆင့်မူ ဘောင်ကို အသုံးပြုရမည့်နည်းလမ်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည့် လမ်းကြောင်း များဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြန်မာ နိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်က မြန်မာနိုင်ငံလုပ် သားများ ကျွမ်းကျင်မှုစံသတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့မှု၊ လုပ်သားများ၏ ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ပေးနေမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာ သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဖွဲ့အ လိုက်ဆွေးနွေးများဆောင်ရွက်ပြီး တွေ့ရှိချက်များကို ဖော်ထုတ်ရှင်းလင်းခြင်း၊ တက်ရောက် လာသူများက အကြံပြုဆွေးနွေးခြင်း၊ စက်မှုသင်တန်းကျောင်းဆင်းများအတွက် ပညာများ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


