နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနခွဲ (မှော်ဘီ) သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးသုံး မြင်းများနှင့် မြွေများမွေးမြူထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းစင်သည့် ဆေးဝါးသုံး မြင်းများဖြစ်အောင် အထူးဂရုပြုဆောင်ရွက်ရန်၊ မွေးမြူ ထားသည့် မြင်းတစ်ကောင်ချင်းစီအတွက် လိုအပ်သည့် အစာအာဟာရ၊ ဘီတာမင်များ ပြည့်စုံမှုရှိစေရေး စနစ်တကျ တွက်ချက်ကျွေးမွေးရန်၊ မြင်းများအား နေ့စဉ်ကျွေးမွေးလျက်ရှိ သည့် အစာစိမ်းများ အချိန်မီရရှိအောင် စီမံဆောင်ရွက်ရန်၊ မြင်းများထားရှိသည့် ခြံများကို လည်း အမြဲတမ်းသန့်ရှင်းမှုရှိအောင် ဆောင်ရွက်သွားရန်နှင့် အဆိပ်ထုတ်ယူမည့် မြွေများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် မှာကြားသည်။

မြွေဆိပ်ဖြေဆေး ထုတ်လုပ်သည့်ဌာနခွဲ (မှော်ဘီ) သည် မြွေဆိပ်ဖြေဆေးနှင့် မေးခိုင် ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သော သွေး ရည်ကြည်များကို ဆေးဝါးသုံးမြင်းများမှ ထုတ်လုပ်ပေးသည့် ဌာနခွဲတစ်ခု ဖြစ်ကြောင်း၊ မြွေပွေးအဆိပ်ဖြေဆေး၊ မြွေဟောက်အဆိပ်ဖြေဆေး၊ မေးခိုင်ကာကွယ်ဆေးများ ထုတ်လုပ်မည့် မြင်းများကိုအုပ်စုခွဲ၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မြွေဆိပ်ထိုးနိုင်ခြင်း၊ သွေးဖောက်ခြင်း၊ ဖြေဆေးအလိုက် ထုတ်ယူရရှိသည့် သွေးများမှ သွေးရည်ကြည်များကို Syphon စနစ်ဖြင့် ခွဲထုတ်ရယူပြီး ဖြေဆေးများ ထုတ်လုပ်နိုင်ရန်အတွက် (၂-၈) ဒီဂရီ အအေးခန်း မော်တော်ယာဉ်ဖြင့် ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ပို့ဆောင်ပေးသည့်ဌာနဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ) ၌ ပန်းကန်ပြား၊ ပန်းကန်လုံး အမျိုးမျိုး ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှထုတ်လုပ်သည့် ပစ္စည်းများ ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်ရန်၊ စက်ရုံရှိ ရှိပြီးနည်းပညာများ တိမ်ကောပျောက်ပျက်မှု မရှိစေရေး ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးရန်၊ စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းများဖြစ်အောင် အစဉ်အမြဲ လေ့ကျင့်သင်ကြားပေးရန်နှင့် မြေ၊ အဆောက်အဦ၊ စက်ပစ္စည်းများ၊ ယန္တရားများအား ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေတောင်မြို့ရှိ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ၌ ဂျပန်နည်းပညာဖြင့် ပိတ်များအား ပြုတ်ခြင်း၊ အဖြူချွတ်ခြင်း၊ ဆေးဆိုး ခြင်းများ တစ်ပြိုင်တည်းဆောင်ရွက်နိုင်သည့် Jet Dyeing Machine စမ်းသပ်လည်ပတ်နေမှု အခြေအနေနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်ပသွင်းကုန် အစားထိုးနိုင်ရန်အတွက် အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအားလုံး ညီညွတ်စွာဖြင့် မိသားစုလုပ်ငန်းသဖွယ် သဘောထား၍ စည်းစည်းလုံးလုံး ဆောင်ရွက်ကြ ရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး လိုအပ်သည်များ ဖြည့်တင်းဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်