နေပြည်တော် ဧပြီ ၁၂

၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် စက်မှုဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ဆုမွန် ဆုတောင်းစကားပြော ကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများနှင့် မိသားစုများက သင်္ကြန်သီချင်းများ သီဆို ဖျော်ဖြေ၍ ပျော်ရွှင်စွာရေပက်ကစားကြပြီး ပါဝင်ဆင်နွှဲကြသူများကို မြန်မာ့ရိုးရာအစားအစာ တို့ဖြင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်လမ်းလျှောက်သင်္ကြန် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနမှ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် သင်္ကြန်မဏ္ဍပ် တည်ဆောက်ပြီးစီးနေမှုနှင့် စတုဒိသာကျွေးမွေးနိုင်ရေးစီမံ ဆောင်ရွက်ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့် ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနိုင်ရေး အလေးထားစီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်