နေပြည်တော် စက်တင်ဘာ ၂၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂၂၅)စု၊ လူဦးရေ (၁၀၀၀)ခန့်ရှိ ပုဗ္ဗသီရီမြို့နယ် ကြံဖိုစုကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ရေကြီး ရေလျှံဖြစ်ပေါ်ခဲ့မှု၊ စိုက်ပျိုးရေးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့မှု၊ ကျန်းမာရေး၊ ကျေးရွာရှိ အခြေခံမူလတန်း ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပြီးစီးမှု အခြေအနေတို့ကို ဆွေးနွေးမေးမြန်းသည်။
ထို့နောက် ရေဘေးသင့် ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူ များနှင့် ဆက်လက်တွေ့ဆုံ၍ ကျေးရွာအဝင်လမ်း ပြန်လည်ပြုပြင်ရေး၊ ရွာအတွင်း ရေဝပ်သည့်နေရာများ၌ ရေနုတ်မြောင်းများတူးဖော်ရေး၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ရေးကိစ္စများကို ဆွေးနွေးပြီး ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ လှူဒါန်းသည့် ငွေကျပ်(၁၄,၅၅၅,၀၀၀) (တစ်ရာလေး ဆယ့် ငါးသိန်း ငါးသောင်း ငါးထောင်)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဓာတ်ဆားထုပ်နှင့် ကျောင်းသုံးဗ လာစာအုပ်တို့ကို ကျောင်းသူ၊ ကျောင်းသားများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ရေဘေးသင့်ပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


