နေပြည်တော်၊ စက်တင်ဘာ ၂၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဝန်ကြီးဌာန သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၅၈၅) စု၊ လူဦးရေ (၅၀၀၀) ခန့်ရှိ လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာအုပ်စု ကွမ်းခြံကျေးရွာသို့ သွားရောက်ပြီး ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု၊ ပျက်စီးဆုံးရှုံးခဲ့မှု၊ ကျန်းမာရေးကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးမေးမြန်းပြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်နေမှု၊ ရေကောင်းရေသန့်များရရှိရေး ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးရွာပြန်လည် ထူထောင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သောက်ရေနှင့် သုံးရေများသန့်ရှင်းစွာ ရရှိရေး၊ ရန်ကုန် - မန္တလေးလမ်းဟောင်းနှင့် ကျေးရွာဆက်သွယ်သည့်လမ်း ပြုပြင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး စက်မှုဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ငွေကျပ် (၁၅,၃၈၂,၇၀၀) (တစ်ရာငါးဆယ့်သုံးသိန်းရှစ် သောင်းနှစ်ထောင့်ခုနစ်ရာကျပ်) တန်ဖိုးရှိ ဆန်၊ စောင်၊ အဝတ်အထည်၊ ဖိနပ်၊ ရေသန့်ဆေးပြား၊ သောက်ရေသန့်နှင့် အသုံးအဆောင်ပစ္စည်းများ စသည်တို့ကို ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး ကျေးရွာအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးရေးထွက်ကုန်များ ပြန်လည်ဆယ်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်