နေပြည်တော် ဩဂုတ် ၁၅

စက်မှုဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရတနာတန်းဝင်ကျွန်းပင်ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှူထမ်းများက သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင် စုစုပေါင်း (၂၀၀) ကို  အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို  လှည့်လည်ကြည့်ရှု အားပေးသည်။

ထိုသို့ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးသည့် သစ်ပင်များကို ရှင်သန် အောင် ပြုစုပျိုးထောင်ပေးရန်၊ ယခင်စိုက်ပျိုးခဲ့ပြီးသော သစ်ပင်များကိုလည်း ပျက်စီး ပြုန်းတီးမှုမရှိအောင် ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ မိမိတို့ ရုံးပတ်ဝန်းကျင်မှ အစပြု၍ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ရန်၊ ဤကောင်းမွန်သော အစဉ်အလာကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျင့်သုံးခြင်းဖြင့် ရာသီဥတုကို မျှတထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုကို လျှော့ချ နိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် မှာကြားသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပ၍  ရတနာတန်းဝင်ကျွန်းပင်၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းကတိုးများကို  စိုက်ပျိုးခဲ့ရာ (၃)နှစ် တာကာလအတွင်း ရတနာတန်းဝင်ကျွန်း(၂၁၃)ပင်၊ ပိတောက်(၇၅)ပင်၊ မဟော်ဂနီပင် (၁၀၀)၊ ပျဉ်းကတိုးပင်(၁၅၀) စုစုပေါင်း (၅၃၈)ပင် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့် သစ်ပင် များ ရှင်သန်ကြီးထွားရေးအတွက် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်