“စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင်စက်ရုံများမှ လတ်တလော ရပ်ဆိုင်းထားသော စက်ရုံများအား ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရန်နှင့် နိုင်ငံတော်အတွက် အမြန်ဆုံး အကျိုးရှိအောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့်အဆို” တင်သွင်း

နေပြည်တော် ၂၃  ဇူလိုင်

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက “စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင်စက်ရုံများမှ နိုင်ငံပိုင် စက်ရုံ၊ ပုဂ္ဂလိကပိုင် ပြုလုပ်လိုသည့် စက်ရုံ၊ ပုဂ္ဂလိကပူးပေါင်းထားပြီး စက်ရုံ၊ စက်မှုနယ်မြေနှင့် လတ်တလော ရပ်ဆိုင်းထားသော စက်ရုံများအား ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရန်နှင့် နိုင်ငံတော်အတွက် အမြန်ဆုံး အကျိုးရှိအောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့်အဆို” ကိုတင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆိုရှင် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက “စက်ရုံများ ကာလကြာမြင့်စွာ ရပ်ဆိုင်းထားရသဖြင့် နိုင်ငံတော်ပိုင်စက်ရုံနှင့် စက်ပစ္စည်းများ ယိုယွင်းပျက်စီးခြင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းအားများ၊ စိတ်ဓာတ်ခွန်အားများ လျော့နည်းခြင်း၊ စက်ရုံ၏ ပြင်ဆင်စရိတ်နှင့် ဝန်ထမ်းလစာများ ဆက်လက်ကျခံ နေရသဖြင့် နိုင်ငံတော်အတွက် အရှုံးများစွာ ဖြစ်ပေါ်စေခြင်း၊ ကုန်ထုတ်လုပ်မှု စွမ်းအားများ ကျဆင်းသဖြင့် ပြည်တွင်းထုတ်လုပ်မှု တန်ဘိုးများ ကျဆင်းခြင်းနှင့် စက်ရုံများ ရပ်ဆိုင်းထားရသဖြင့် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း လျော့နည်းခြင်းတို့ကို တွေ့မြင်နေရပါကြောင်း။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံ(၂၀)နှင့် စီမံကိန်း (၂)ခုကို ယာယီရပ်ဆိုင်းစေခဲ့ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းများက ရပ်ဆိုင်းထားသည့် စက်ရုံများကို ပြန်လည်သုံးသပ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်ရှိ PPP Sectar သို့ပေးပို့ထားသည်ဟု သိရှိရပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စက်ရုံများအား မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို နည်းလမ်းရှာဖွေပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။ 

ထို့နောက် ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက “ရပ်ဆိုင်းထားသည့် စက်ရုံ(၂၄)ရုံအနက် မှန်စက်ရုံ (ပုသိမ်)ကို ပီပီပီစနစ်၊ ရာဘာပစ္စည်းစက်ရုံ (သင်္ကန်းကျွန်း)နှင့် ပလပ်စတစ်စက်ရုံ (ကျောက်ဆည်)တို့ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု သိရပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည် နှစ်စဉ်အရှုံး ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံအတွက် ထိခိုက်နစ်နာမှုနှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေမှုများနှင့် ပတ်သက်၍ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေ စာရင်းများအရ စက်မှုဝန်ကြီးဌာန အရှုံးဖြစ်ပေါ်မှုသည် ၂၀၁၅-၂၀၁၆ တွင် ငွေကျပ် (၈၉၄၇၁)သန်း၊ ၂၀၁၆-၂၀၁၇ တွင် ငွေကျပ်သန်း (၉၄၈၅၀)၊ ၂၀၁၇-၂၀၁၈ တွင် ငွေကျပ် (၆၆၂၆၆)သန်း၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် ငွေကျပ် (၃၂၄၈၉) သန်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် စက်မှုဝန်ကြီးဌာန အောက်တွင်ရှိသည့် စက်ရုံ၊ အလုပ်ရုံများ ဘဏ္ဍာငွေ ဆက်လက်ဆုံးရှုံးနေမှုများကို ကာကွယ်နိုင်ရန် နိုင်ငံနှင့် ပြည်သူ့အတွက် အကျိုးရှိရှိ အမြန်ဆုံး အသုံးချနိုင်အောင် ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းဖြင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး တင်သွင်းသည့်အဆိုအား ထောက်ခံဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

MDN