နေပြည်တော် နိုဝင်ဘာ ၁၈

 

စက်မှုဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ၌ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ချမှတ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တစ်သဝေမတိမ်း တိတိကျကျ လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဌာနပိုင်မြေ၊ အဆောက်အဦ၊ စက်ပစ္စည်း စသည်တို့ကို ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန် များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးကို ရှေးရှုပြီး ရဲဘော်စိတ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ဌာန၌ ချမှတ်ပြဋ္ဌာန်းထားသည့် မူဝါဒ၊ လုပ်‌ငန်းစဉ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တို့ကို ကျောရိုးပြု၍ လုပ်ငန်းတာဝန်များကို မျက်ခြေမပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရရှိသည့်အချိန်များကို အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို အစီအမံများ ရေးဆွဲဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စာရင်းအင်းများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းပေးနိုင်ရေးအတွက် ဝန်ထမ်း များအား လေ့ကျင့်ထားရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးရှိ ဌာနခွဲအသီးသီးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အောက်တို ဘာလတွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များနှင့် ပတ်သက်၍ ချက်ချင်းပြုပြင်ဖြည့်ဆည်း ဆောင်ရွက် သွားရန်နှင့် ဌာနအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များသည် ဝန်ထမ်းများနှင့် ယခုထက်ပိုမိုနွေးထွေးသည့် ဆက်ဆံမှုရှိစေရန်၊ မိသားစု စိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်စေရန်အတွက် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)