နေပြည်တော်၊ နိုဝင်ဘာ (၈)

 

ယနေ့ အစည်းအဝေးသည် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ဆိုင်ရာ ကိစ္စရပ်များအပေါ် ကြိုတင်ခွင့်ပြုခဲ့သည့် အမှုတွဲများအား အဖွဲ့ဝင်များနှင့် ပြန်လည်စိစစ် အတည်ပြုနိုင်ရန်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန် (၁၀)ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။

 

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၂-၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။   

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၌ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃)ကြိမ်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲ ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းဆိုင်ရာ အမှုတွဲများ စုစုပေါင်း (၅၆)စောင်ကို စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ်တွင် ကော်မတီ၏ ညှိနှိုင်းအစည်းအဝေး(၂)ကြိမ် ပြုလုပ်ခဲ့ပြီး ရန်ပုံငွေလွှဲပြောင်းသုံးစွဲ ခွင့်ဆိုင်ရာကိစ္စရပ် အမှုတွဲ(၂၃)စောင်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ် (၃၂)ခုကို လုပ်ငန်းကြန့်ကြာမှု မရှိစေရေးအတွက် ကြိုတင်စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်၍ ယခုအစည်းအဝေးတွင် အဖွဲ့ဝင်များနှင့် ပြန်လည်အတည်ပြုဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီတွင် မူလသတ်မှတ်ထားသည့် လုပ်ငန်းတာဝန် (၁၀)ရပ်အပေါ် လုပ်ငန်းဆောင်ရွက်မှုနှင့် ကိုက်ညီ ပြည့်စုံမှုရှိစေရန်အတွက် အစည်းအဝေးများကျင်းပ၍ မူဝါဒ(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၁၆)ရပ်ကို အတည်ပြုသတ်မှတ် နိုင်ခဲ့ပါကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် အစိုးရဌာနဆိုင်ရာများနှင့် စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက် အပံ့ဖြစ်စေရန် ကော်မတီ၏မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ယနေ့အစည်းအဝေးတွင် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် စိစစ်အတည်ပြု ပေးကြရန်နှင့် ကော်မတီမှဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန် ပြောကြားသည်။

 

ဆက်လက်၍ စက်ပစ္စည်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ ဝန်ကြီးဌာနများက တင်ပြလာသော အမှုတွဲ (၂၇၆)စောင် နှင့်ပတ်သက်၍ ဆောင်ရွက် ပေးခဲ့မှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ဝန်ကြီးဌာနများက တင်ပြလာသော အမှုတွဲ (၂၂၈)စောင်နှင့် ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)