စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၂-၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၉

 

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၂-၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၂၉ ရက် နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၆-၉-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၈/၂၀၂၂) အရ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့ အနေဖြင့် စက်ပစ္စည်းဝယ်ယူခြင်း ဆောင်ရွက်ရာတွင် ရန်ပုံငွေမလုံလောက်၍သော်လည်းကောင်း၊ မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များကြောင့်သော်လည်းကောင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲရာ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် စက်ပစ္စည်းအသုံးစရိတ်မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ၃၀-၁၂-၂၀၂၂ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၁/၂၀၂၂ ဖြင့် ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

စက်ပစ္စည်း ကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အစိုးရဌာနဆိုင်ရာများနှင့် စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ယနေ့အစည်းအဝေးတွင် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် စိစစ်အတည်ပြုပေးကြရန်နှင့် ကော်မတီမှ ဆောင်ရွက်နေသည့်လုပ်ငန်း တာဝန်များနှင့်စပ်လျဉ်း၍ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက်  သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ တင်ပြသည့် အမှုတွဲ အစောင် ၃၀ နှင့်ပတ်သက်၍လည်းကောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (နိုဝင်ဘာလမှ မတ်လအထိ) ငါးလတာကာလအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ တင်ပြသည့် အမှုတွဲ ၁၅၄ စောင်ကို စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

သတင်းစဉ်