စစ်ကိုင်း၊ ၁၈ ဇန်နဝါရီ
စစ်ကိုင်းမြို့အတွင်းရှိ ဂစ်တာထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းများတွင် စက်ပစ္စည်းများသုံးစွဲ၍ ထုတ်လုပ်လာခြင်းကြောင့် ထုတ်လုပ်မှုပိုင်းတွင် ပိုမိုတွင်ကျယ်စွာ ထုတ်လုပ်လာရပြီး အရည်အသွေးပိုင်းတွင်လည်း ကောင်းမွန်လာကြောင်း စစ်ကိုင်းမြို့ရှိ ဂစ်တာလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
စစ်ကိုင်းမြို့အတွင်းရှိ ဂစ်တာထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းများတွင် ယခင်က လက်မှုအတတ်ပညာဖြင့်သာ ထုတ်လုပ်ကြသည့်အတွက် ထုတ်လုပ်မှုပိုင်းတွင် တွင်ကျယ်စွာ မထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှ စတင်၍ တစ်ပိုင်တစ်နိုင် စက်ပစ္စည်းသုံးစွဲ၍ ထုတ်လုပ်လာခဲ့ရာက ယခုအခါတွင် ခေတ်မီ စက်ပစ္စည်းများသုံးစွဲ၍ ထုတ်လုပ်လာနိုင်သောကြောင့် ဂစ်တာအရည်အသွေးများ တိုးတက်လာပြီး နိုင်ငံတကာအဆင့်မီ ထုတ်လုပ်လာနိုင်ခဲ့သည်ဟု သိရသည်။
“အရင်တုန်းကတော့ ခက်ခက်ခဲခဲပေါ့ ဂစ်တာတစ်လုံးပြီးဖို့ရာအတွက်ကို အချိန်တွေ အများကြီးယူခဲ့ရတာပေါ့ လက်နဲ့ပဲ အားလုံးကို လုပ်ခဲ့ရတယ် ရေပေါ်အိမ်တွေကို အများဆုံးအသုံးပြုရတယ် စသဖြင့် ခက်ခဲခဲ့တာပေါ့ ခုဟာက ကော်တွေက အစ ခြောက်သွေ့မှုကောင်းလာတယ်။ ဆေးမှုတ်တဲ့နေရာမှာ အရင်ကလက်နဲ့ သုတ်ခဲ့ရတဲ့နေရာကို ခုက စက်နဲ့ပဲ မှုတ်တော့တဲ့ အနေအထားပေါ့ ဒီဇိုင်းဆန်းသစ်မှုတွေ ဖြစ်လာတယ် တခါ ကုန်ကြမ်းပစ္စည်းမှာဆို ဂစ်တာ တစ်ခုလုံးက ၉၀ ရာခိုင်နှုန်းက နိုင်ငံခြားဖြစ်တွေ ဖြစ်နေပါပြီ ဂစ်တာအရည်အသွေးတွေကလည်း တိုးတက်လာပြီးတော့မှ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါတော့ နည်းပညာတိုးတက် မှုပေါ့နော်”ဟု စစ်ကိုင်းမြို့ရှိ ဟိန်းမင်းဂစ်တာလုပ်ငန်းပိုင်ရှင် ဦးဇော်နောင်ဟိန်းက ပြောသည်။
ဂစ်တာထုတ်လုပ်မှုအပိုင်းတွင် စက်မှုကဏ္ဍဘက်သို့ မလိုက်နိုင်ပါက နိုင်ငံတကာသို့ ထိုးဖောက်ရန် အင်မတန် ခက်ခဲသွားနိုင်ကြောင်း၊ ယင်းသို့ စက်ပစ္စည်းများသုံးစွဲ၍ ထုတ်လုပ်လာသော်လည်း နိုင်ငံတကာတွင် ဂစ်တာအား လက်မှုပစ္စည်းဟု ပြောဆိုကြကြောင်း၊ ယင်းအကြောင်းအရင်းမှာ ဂစ်တာသည် စက်ပစ္စည်းမှ အလိုအလျောက် ထွက်ရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်ပြီး စက်ပစ္စည်းများကို အသုံးပြုရသည်မှာ လွယ်ကူမြန်ဆန်ပြီး သပ်ရပ်မှုရှိကြောင်း၊ အရာအားလုံး ပေါင်းစပ်သည့်အခါတွင် လက်ကို အသုံးပြုရသောကြောင်း လက်မှုပစ္စည်းဟု ပြောဆိုကြခြင်းဖြစ်ကြောင်း ဟိန်းမင်းဂစ်တာလုပ်ငန်းပိုင်ရှင် ဦးဇော်နောင်ဟိန်းက ပြောသည်။
“ဟိုတုန်းက ကော်ပတ်ကအစ လက်နဲ့ပဲ လုပ်ရတယ်၊ ဂစ်တာက တစ်ရက်ကို တစ်လုံးပြီးဖို့ သိပ်မလွယ်ဘူး။ ၂၀၁၅ နောက်ပိုင်းမှ သိသိသာသာ စက်မှုဘက်ကို ပြောင်းလဲလာတာပေါ့။ စက်မှုကြီးပဲလည်း မဖြစ်ဘူး။ လက်မှု အတတ်ပညာရော ပါမှရမှာ။ အခုကျ ဂစ်တာအလုံး ၂၀ ပြီးဖို့လည်း လွယ်တယ်။ နည်းပညာတွေလည်း ပိုကောင်းလာတယ် စက်ပစ္စည်းတွေလည်း ပိုပြီးသုံးရတယ်။ ထုတ်လုပ်အားတွေလည်း ပိုများလာတယ် ထုတ်လုပ်အား များသလောက် ဝယ်လိုအားလည်း များလာတယ် အခုဆို စက်ရော လက်ရော တွဲပြီးလုပ်တဲ့အတွက် အရည်အသွေးရော ပိုကောင်းတယ်။ ထုတ်လုပ်မှုအားလည်း ကောင်းလာတယ်”ဟု စစ်ကိုင်းဂစ်တာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ထွန်း က ပြောသည်။
စစ်ကိုင်းမြို့အတွင်းမှ ဂစ်တာထုတ်လုပ်ရောင်းချမှုကို ၁၉၇၀ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ ခန့် ရှိနေပြီးဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်းမြို့တွင် ဂစ်တာထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်း (၂၀)ကျော် ရှိပြီး ထိုအလုပ်ရုံ ၂၀ ကျော်မှ လစဉ် ဂစ်တာ အလုံးရေ ၃၀၀၀ ကျော်ကို ထုတ်လုပ်လျက်ရှိကြောင်း ဂစ်တာ လုပ်ငန်းရှင်းများထံက သိရသည်။
ခိုင်ဇေယျ


