မကွေး ၂၃ မေ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလက်ရေရရှိရေး ဆောင်ရွက်ပေးခဲ့သော ကျေးရွာ(၁၂)ရွာအနက် ကျေးရွာငါးရွာမှ ရေပေးရေး ကော်မတီဝင် များအား နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် စက်ရေတွင်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းခြင်း လုပ်ငန်းများဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် အငယ်တန်း အင်ဂျင်နီယာ-၂ ဦးထွန်းထွန်းတို့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလဖြစ်ခြင်းကြောင့် ကျေးရွာခွဲ၍ သင်ကြားပို့ချ ရခြင်း ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စက်ရေတွင်းမောင်းနည်း၊ ပြုပြင်ထိန်းသိမ်းနည်း၊ ငွေစာရင်း ဖြည့်သွင်းခြင်းနှင့်ထိန်းသိမ်းနည်းလမ်းများကို သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မကွေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာ (၁၂) ရွာ အနက် ညောင်ကြပ်စမ်း၊ ဖိုဝေး၊ ကိုးပင်ကွေ့၊ ပုတီးကုန်း၊ ရွာဟောင်းကန် စသည့် ကျေးရွာငါးရွာမှ ရေပေးရေးကော်မတီဝင် (၁၀)ဦး တို့တက်ရောက် ခဲ့ကြောင်းသိရသည်။
ကျော်ဦး


