နတ်မောက် ၁၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသော သောက်သုံးရေရရှိရေး အဝီစိစက်ရေတွင်းတူးဖော်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား ကျေးရွာများအား မြေအောက်ရေအောင်းလွှာတည်ရှိမည့် နေရာများ သိရှိနိုင်ရေး ယနေ့နံနက်ပိုင်းက GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးတိုင်းတာရာတွင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်နှင့် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြေအောက်ရေတိုင်းတာရေး တာဝန်ခံအင်ဂျင်နီယာများ၊ သက်ဆိုင်ရာ ကျေးရွာများမှ ရပ်မိရပ်ဖများက ဂွေးတောက်ကုန်းကျေးရွာနှင့် သပြေလှကျေးရွာ၊ ထန်းပင်မြှောင်ကျေးရွာ၊ ကျောက်အိုးကျေးရွာများအား သန့်ရှင်းသော သောက်သုံးရေရရှိရေး မြေအောက်ရေအောင်းလွှာ တည်ရှိမည့် နေရာများအားသိရှိနိုင်ရေး ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာ(၄)ရွာမှာ ယခင်က မြေသားမိုးရေလှောင်ကန်များကိုသာ မှီခိုသုံးစွဲနေရပြီး၊ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ရေဝင်ရောက်မှုနည်းပါးလာကာ နွေရာသီရောက်တိုင်း ရေပြတ်လပ်မှုအခက်အခဲများ ကြုံတွေ့နေရကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆပ်စပ် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ နက်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ကြည်ကြည်မာကပြောသည်။
အဆိုပါကျေးရွာများတွင်း အဝီစိစက်ရေတွင်းတူးဖော် ဆောင်ရွက်ပေးနိုင်မည် ဆိုပါက ကျေးရွာရှိ အိမ်ခြေ(၆၉၂)အိမ်၊ လူဦးရေ(၃၈၀၅)ဦးနှင့် ကျွဲ၊ နွား တိရိစ္ဆာန် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


