ဝန်းသို ၇ ဖေဖော်ဝါရီ
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းအနက် စက်ရေတွင်း (အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေအောက်ရေရရှိနိုင်စွမ်း (Geophysical survey) တိုင်းတာဆောင်ရွက်ခြင်းကို ယမန်နေ့က ကျောက်ပေါက်ခုံအုပ်စု၊ အလယ်ခုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မြေအောက်ရေတိုင်းတာရေးအဖွဲ့၊ ခရိုင်အတွင်းမှ အင်ဂျင်နီယာများ၊ မြို့နယ်မှ အင်ဂျင်နီယာများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများ လိုက်ပါလျက် မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ခဲ့ကြသည်။
ဝန်းသိုမြို့နယ်အတွင်း ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းကို ကျေးရွာ(၁၀)ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်ထောင်စုဘတ်ဂျက်ဖြင့် လုပ်ငန်း(၆)ခု၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လုပ်ငန်း(၃)ခု၊ ပြည်ထောင်စုဘတ်ဂျက် (မွမ်းမံ)ရန်ပုံငွေဖြင့် လုပ်ငန်းတစ်ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်း(၁၀)ခုအနက် စက်ရေတွင်း (အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်း (၈)ခုကို မြေအောက်ရေရရှိနိုင်စွမ်း (Geophysical survey) စက်ဖြင့် တိုင်းတာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)