ပဲခူး   ၅   ဇွန်

 

ပဲခူးမြို့ ဥဿာမြို့သစ်(၆)ရပ်ကွက်  သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀နာရီခွဲက ကိုဗစ်-၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများရှိ Quarantine ပြုလုပ်ထားသည့် ကိုယ်ဝန်ဆောင်မိခင်များအား လူမှုဖူလုံရေးအဖွဲ့မှ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်‌ပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်၊ ပဲခူးမြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်နှင့် ဝန်ထမ်းများ၊ စက်ရုံ၊အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။  

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ(၁၅)ရုံမှ ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ထားသည့် ကိုယ်ဝန်ဆောင်မိခင်(၂၆၅)ဦးအတွက် မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၆၂၃၀ဝ၀ အား တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကေသီခိုင်နှင့် မြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်တို့မှ စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြသည်။

 

နာမကျန်း အကျိုးခံစားခွင့် ခွင့်ပြုငွေထုတ်ပေးခြင်းသည် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ ၁၅ ရုံမှ ဆေးခွင့်(၈)ပတ်ယူထားပြီး ကိုဗစ်-၁၉ ကာလ Quarantine ပြုလုပ်ထားသည့် ကိုယ်ဝန်ဆောင် မိခင်(၂၆၅)ဦးအတွက် ပထမ(၄)ပတ်အတွက် နာမကျန်းအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပေးခြင်း ဖြစ်ပြီး ကျန် ၄ ပတ်အတွက်လည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)