နေပြည်တော် ဇူလိုင် ၁၁
စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက်အတွင်း အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေး စံချိန်စံညွှန်းကိုက်ညီမှုနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှု ရှိစေရေးအတွက် ဌာနပိုင် Mobile Fuel Lab ယာဉ်များဖြင့် စက်သုံးဆီ အရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်၍ အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ 
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း (၂၆၁) ဆိုင်ကို Mobile Fuel Lab ယာဉ်များဖြင့် အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စက်သုံးဆီ အရောင်းဆိုင် (၃၆၀) နှင့် အခြင်အတွယ် စစ်ဆေးခြင်းကို အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် (၆၀၀)၊ စုစုပေါင်း အရောင်းဆိုင် (၉၆၀) ကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီ၊ မေ နှင့် ဇွန်လ အထိ အရောင်းဆိုင် စုစုပေါင်း (၃၄၅) ဆိုင်ကို အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ 
စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက် ဖြစ်ပေါ်လာစေရေးနှင့် အများပြည်သူများ အရည်အသွေး စံချိန်စံညွှန်းနှင့် အခြင်အတွယ်ပြည့်မီသော စက်သုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းတို့ကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်