သထုံ   အောက်တိုဘာ  ၂၉

 

မွန်ပြည်နယ်၊ သထုံမြို့နယရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် အချိန်အတွယ် မှန်ကန်စွာဖြင့် ရောင်းချရေးတို့အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အောက်တိုဘာ ၂၈ ရက်က လိုက်လံစစ်ဆေး ခဲ့ကြသည်။

 

စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်ဆိုင်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သထုံမြို့မြေနီကုန်းကျေးရွာအုပ်စုရှိ Parent Love အရောင်းဆိုင်၊ အောင်တမာန် အရောင်းဆိုင်နှင့် Max စက်သုံးဆီ အရောင်းဆိုင်များအား ပွင့်လင်းရာသီ ကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့် ပြင်ဆင်ထားရှိရေး၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲထားရှိမှု အခြေအနေ၊ စက်သုံးဆီ သိုလှောင်ကန်များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှု အခြေအနေ၊ မီးသတ်ရေကန်များ အရန်သင့် ရေအပြည့်ရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်မှုမရှိစေရေးနှင့် စက်သုံးဆီများအား အချိန်အတွယ်နှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချစေရေး တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ကိုကိုဦး(ပြန်/ဆက်)