နေပြည်တော် မတ် ၅
စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံး ဆီဖူလုံမှုရှိစေရေး အစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက် ရက် ၄၀ ခန့်စာ တင်သွင်းသိုလှောင် ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူး ပေးလျက်ရှိရာ ရန်ကုန်မြို့ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံ ခွင့်ပြုထုတ်ပေးလျက်ရှိပါသဖြင့် စက်သုံးဆီ ပုံမှန်ရောင်းချပေးနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်း၊ စက်သုံးဆီ ရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြား နိုင်ပါကြောင်းနှင့် ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူများက မိဘပြည်သူများသို့ စက်သုံးဆီ အရောင်းဆိုင်များတွင် နှိုးဆော်အသိပေး ဆောင်ရွက် လျက်ရှိသည်။
စစ်ဆေးဆောင်ရွက်လျက်ရှိ
စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီ အမှန်တကယ်ရောက်ရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီထပ်မံ ဖြည့်ဆည်းပေးရန် လိုအပ်သည့် စက်သုံးဆီ အရောင်းဆိုင်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိများကလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များ အမှန်တကယ် ရောင်းချမှု ရှိ၊ မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ၊ မရှိတို့ကို စက်သုံးဆီ လက်ကျန်များ တိုင်းတာစစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များကို စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီ ထုတ်ယူသယ်ဆောင် ရောင်းချနိုင်ရေးနှင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး အတွက် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


