နေပြည်တော်    အောက်တိုဘာ    ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ပြောင်းလဲ ကျင့်သုံးသည့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးခြင်း   လုပ်ငန်းလုပ်ကိုင်သည့်  ပုဂ္ဂလိကလုပ်ငန်းရှင် များသည် စက်သုံးဆီသိုလှောင်စခန်းနှင့် အရောင်းဆိုင်များအား ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနည်းတူ ခေတ်မီလုံခြုံစိတ်ချရသော သိုလှောင်စခန်းနှင့် အရောင်းဆိုင်များဖြစ်စေရေး၊  ပြည်တွင်း စက်သုံးဆီလိုအပ်ချက်အား  ပြတ်လပ်မှုမရှိစေဘဲ  ဖူလုံစွာဖြည့်ဆည်းပေးနိုင်ရေး၊  သတ်မှတ်အရည်အသွေး အခြင်အတွယ်  ပြည့်မီမှန်ကန်စေရေးနှင့်   ဖြစ်သင့်ဖြစ်ထိုက်သော ရောင်းဈေးနှုန်းများအတိုင်း ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများရှိ သိုလှောင်စခန်းများနှင့် အရောင်းဆိုင်များတွင် Real Time Online Monitoring နှင့် CCTV တပ်ဆင်ပြီး ခေတ်မီလုံခြုံစိတ်ချရမှုရှိသည့်စနစ်အတွက် အဆင့်မြှင့်တင်မှုလုပ်ငန်းများကိုပါ ဖော်ဆောင်လျက်ရှိသည်။

သိုလှောင်စခန်းများနှင့် အရောင်းဆိုင်များတွင် Real Time Online Monitoring နှင့်   CCTV စနစ်များ   တပ်ဆင်ခြင်းကို   ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတပ်ဆင်သွားနိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အပြင် တပ်ဆင်ပြီးစီးခဲ့သည့်စနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှုများအား မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကာ စွမ်းအင်ဝန်ကြီးဌာနကလည်း လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့  အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းသည်   ပြည်တွင်း၌ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးအာမခံချက်ရှိစေရန်၊ ပြည်ပ စက်သုံးဆီတင်သွင်းမှုမှစ၍   End User အထိ   Supply Chain တစ်ခုလုံးအား  စောင့်ကြည့်ထိန်းသိမ်းကြီးကြပ်နိုင်ရန်၊   အချိန်နှင့် တစ်ပြေးညီ  လိုအပ်သော အစီအမံများကို လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီအဖွဲ့ အစည်းများအားလုံးပါဝင်သည့် Supply Chain တစ်ခုလုံးကို အွန်လိုင်းစနစ်ဖြင့် စောင့်ကြည့်ဖြည့်ဆည်းပေးသည့် စနစ်အဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်  ရေနံနှင့်   ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် ရာတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ  လုပ်ငန်းလိုင်စင်များ  ရယူဆောင်ရွက်ရသည့်အပြင်   ဥပဒေပါပြဋ္ဌာန်များနှင့်အညီ   ပတ်ဝန်းကျင်ထိခိုက်မှုမရှိရေး၊ ဘေးန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးအာမခံချက်ရှိစေရေးလုပ်ငန်းများကို   အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း သိရသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရပြီး စွမ်းအင်ဝန်ကြီးဌာနကလည်း   ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်  ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် စနစ်တကျထိန်းသိမ်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                         

သတင်းစဉ်