ကျောက်ပန်းတောင်း၊ ၂၆ ဇန်နဝါရီ
လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေး အရာရှိ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များသည် ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ လိုက်ပါလျက် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ကျောက်ပန်းတောင်းမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အသုံးပြုနေသည့် ထရန်စဖော်မာနှင့် လျှပ်စစ်မီးလိုင်းများ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမြင့်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ (အင်/ယာ) ဦးကျော်မိုးနှင့် ဝန်ထမ်းများလိုက်ပါလျက် မြို့ပေါ်ရှိ OK Energy စက်သုံးဆီအရောင်းဆိုင်၊ Asia Power စက်သုံးဆီအရောင်းဆိုင်နှင့် Denko စက်သုံးဆီ အရောင်းဆိုင်များရှိ အသုံးပြုနေသော ထရန်စဖော်မာများနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းထားမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး ထရန်စဖော်မာနှင့် အနီးဝန်းကျင်တွင် သန့်ရှင်းရေးအမြဲပြုလုပ်ထားရှိရန်၊ စက်သုံးဆီအရောင်းဆိုင်ဧရိယာအတွင်း ဝန်ထမ်းများ ချက်ပြုတ်စားသောက်ခြင်းမပြုရန်နှင့် စက်သုံးဆီပန့်နှင့် အနီးဝန်းကျင်တို့တွင် လျှပ်စစ်မီးပလပ်ခုံများထားခြင်းမပြုရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


