မိုင်းယောင်း ဧပြီ ၃
စက်သုံးဆီကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် MSME လုပ်ငန်းများ အခက်အခဲမဖြစ်ပေါ်စေရေး အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက စက်သုံးဆီကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် MSME လုပ်ငန်းများ အခက်အခဲမဖြစ် ပေါ်စေရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ချရေးတို့ကို အသိပညာပေးဆွေးနွေး ပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထား သော အောင်မြင်ဖြစ်ထွန်းနေသည့် ဆီထွက်သီးနှံနေကြာ စံပြကွက်နှင့် ဆီထွက်သီးနှံပဲပုပ် စံပြ စိုက်ခင်းတို့ကို လက်တွေ့သရုပ်ပြ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


