စက်သုံးဆီနှင့်ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

အခုလ ၁၃ ရက်နေ့လောက်ကနေ စပြီးတော့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို တွေ့ရှိခဲ့ပါတယ်။ အဓိကဖြစ်ပေါ်ခဲ့တာကတော့ မန္တလေးမြို့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းလောက်နဲ့ ညပိုင်းလောက်မှာ ပုံမှန်ရောင်းချ ပေးနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တွေမှာတောင်မှ ကောလာဟလတွေကြောင့် စက်သုံးဆီကို စုပြုံပြီးဝယ်ယူကြတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ပါတယ်။ သတင်းမရတဲ့ စက်သုံးဆီဆိုင်တချို့မှာလည်း စက်သုံးဆီကိုချွေပြီးရောင်းတာတို့၊ ဆီကုန်သွားပြီလို့ ပြောတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တချို့မှာ စုပြုံပြီးတော့ ဝယ်ယူကြတယ်။ အဲဒီလိုစုပြုံပြီး ဝယ်ယူကြတဲ့အတွက် စက်သုံးဆီ ပြတ်လပ်တဲ့ပုံစံမျိုး ဖြစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အရန်စက်သုံးဆီတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ချက်ချင်းပြန်လည် ဖြည့်ဆည်းပေးနေပါတယ်။ ဒါပေမယ့်ကြားထဲမှာ အနည်းငယ် ပြတ်လပ်သွားတာတော့ ရှိပါတယ်။ ကောလာဟလသတင်းတွေ ထုတ်လွှင့်ပြီးတဲ့နောက်မှာ ဒီလိုကိစ္စတွေဖြစ်လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဖို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ဩဂုတ် ၁၄ ရက်နေ့က သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင် သင်္ဘောတစ်စင်း ဆိုက်ကပ်ပြီးတော့ စက်သုံးဆီတွေချခဲ့ပါတယ်။ ဩဂုတ် ၁၅ ရက်နေ့မှာဆိုရင်လည်း စက်သုံးဆီတင်သင်္ဘော ၄ စင်းဆိုက်ကပ်ပြီးတော့ စက်သုံးဆီတွေ ချနေပါတယ်။ 92, 95, Diesel နဲ့ Premium Diesel တန်ချိန် ၆၀၀၀၀ လောက် ဒီနေ့ချနေပါတယ်။ ဂါလန် ၁၃ သိန်းလောက်ရှိမယ် လို့ ခန့်မှန်းရပါတယ်။ 92 တန်ချိန် ၂၇၀၀၀ ကျော်၊ 95 တန်ချိန် ၃၀၀၀ ကျော်၊ Diesel တန်ချိန် ၆၀၀၀ ကျော်နဲ့ Premium Diesel တန်ချိန် ၂၂၀၀၀ ကျော်ကို ဒီနေ့ဆိပ်ကမ်းမှာ တစ်ပြိုင်တည်းချနေပါတယ်။ အခုလ ၁၈ ရက်နေ့မှာ စက်သုံးဆီတန်ချိန် ၂၀၀၀၀ လောက်ထပ်ပြီး ဝင်လာဖို့ရှိပါတယ်။ ၁၉ ရက်နေ့မှာဆိုရင်လည်း စက်သုံးဆီ တန်ချိန် ၂၃၀၀၀ လောက် ထပ်ပြီးဝင်ရောက်လာဖို့ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း စက်သုံးဆီတင်သင်္ဘော ၁၂ စင်းလောက်ထပ်ပြီး ဝင်ရောက်လာဖို့ရှိပါတယ်။ အခုလတ်တလော ဆိပ်ကမ်းမှာ စက်သုံးဆီ ဂါလန် ၁၃ သိန်းလောက် ချနေတာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ကောလာဟလတွေ ထုတ်လွှင့်ပြီး ပြည်သူလူထုက စိုးရိမ်တကြီးနဲ့ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ ပမာဏထက် စုပြုံဝယ်ယူမှုဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောလိုပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ အဲဒါကိုတော့ ကျွန်တော်တို့လည်း သွားပြီးထိန်းချုပ်လို့ မရပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ စက်သုံးဆီနဲ့ပတ်သက်ပြီး အခွန်တွေကို လျှော့ပေါ့ပေးနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ ဝယ်ယူတင်သွင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေ ရောင်းချပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချပေးနေတဲ့ စက်သုံးဆီဈေးနှုန်းက ကျွန်တော်တို့နိုင်ငံအထဲမှာ ရောင်းချနေတဲ့ ဈေးနှုန်းထက် ပိုပြီးမြင့်တက်နေတာကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် စက်သုံးဆီပမာဏ တန်ချိန် ၆၀၀၀၀ လောက် သီလဝါဆိပ်ကမ်းမှာ ဒီနေ့ချနေပါတယ်။ ဂါလန်နဲ့တွက်မယ်ဆိုရင် ဂါလန် ၁၃ သိန်းလောက်ရှိပါတယ်။ အရန်စက်သုံးဆီတွေ ရှိနေသလို နောက်ထပ်ဝင်ရောက်လာမယ့် စက်သုံးဆီတင်သင်္ဘောတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးတို့နဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးနေပါတယ်လို့ ပြောလိုပါတယ်။